26.11.09

အိမ်ပေါ်ထပ်က ရဲအရာရှိ

အခုလို ဆောင်းတွင်းရောက်ပြီဆို အစောကြီးမှောင်ကျသွားတာ ပုံမှန်လိုဖြစ်နေပြီ။ မနက်ဆိုလည်း အတော်နေမြင့်တဲ့အထိ အလင်းရောင်က ပေါ်မလာနိုင်တော့ ကိုယ်စီးလာတဲ့ စက်ဘီးမှာ မီးတပ်မထားရင် ရဲက တားပြီးဖမ်းရော...

ညနေတုန်းကတော့ ကိုလူထွေးတယောက် စက်ဘီးတစီးနဲ့ လမ်းပေါ်ထွက်ဖြစ်တယ်။ စက်ဘီးမီးကတော့ ပြီးခဲ့တဲ့ ဆောင်းကုန်ကတည်းက ကျွမ်းနေတာ မလဲရသေးဘူးလေ။ ဒီတော့လည်း ရဲဖမ်းနိုင်တဲ့ နေရာမျိုးတွေဆို ကွေ့ပတ်ရှောင်ရတာပေါ့...

သွားရင်းနဲ့ လမ်းမှာ ရဲကားတစီး ရပ်နေတာ တွေ့တယ်။ ပထမတော့ တခြားလမ်းက ပတ်မောင်းမယ်ဆိုပြီး ကွေ့မလို့ လုပ်တာပါ။ ရပ်နေတဲ့ ရဲအရာရှိက တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ်တို့အိမ် အပေါ်ထပ်မှာနေတဲ့ ရဲကြီး ဖြစ်နေမှန်း နောက်တော့ သတိထားမိသွားရော...

ဒါနဲ့ပဲ စက်ဘီးကို ရဲကားနားကနေ တဖြည်းဖြည်းချင်း လှိမ့်နင်းသွားတယ်။ ကိုယ့်မိတ်ဆွေကိုလည်း နှုတ်ဆက်ရင်းပေါ့။ ရဲအရာရှိကြီးကလည်း ကောင်းကောင်းမွန်မွန်ပဲ ပြန်နှုတ်ဆက်ပါတယ်။ ပြီးတော့ သူ့ဆီလာဖို့ လှမ်းခေါ်တယ်။

အနားရောက်တော့မှ သေသေချာချာ ကြည့်မိတယ်။ ရဲသားကြီးက ကိုလူထွေးတို့ အိမ်နီးချင်းနဲ့ ရုပ်ချင်းသာဆင်တာ။ အဲဒီလူမှ မဟုတ်ဘဲ...

"မီးမရှိဘဲ စက်ဘီးကို လမ်းပေါ်ထွက်စီးလို့" ...တဲ့။

သူက ကိုယ့်ကို...

"ဒဏ်ငွေ ဆောင်ရပါမယ်" တဲ့လေ...

... ... ...

ငွေ ၆၀ ထွက်သွားလို့ နှမျောနေတာမျိုးတော့ မဟုတ်ပါဘူး...

ဒီကနေ့ ကိုလူထွေးဆီမှာ စာလာဖတ်တဲ့ ဘလော့မောင်နှမတွေကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး သိမ်းထားတဲ့ ငွေဖြစ်နေလို့သာ တနုံ့နုံ့နဲ့ ခံပြင်းနေမိတာပါ...


အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး

23.11.09

စက်ဘီးစီးတဲ့ ကောင်မလေး




ဒီနေ့မနက် အလုပ်မသွားခင်မှာ မိုးက အကြီးအကျယ် ရွာသွားတယ်။ အလုပ်ထဲ ရောက်ခါနီးမှာတော့ တော်တော်လေး စဲသွားပါပြီ။

ကိုလူထွေးလျှောက်လာတဲ့ လမ်းမှာ မိန်းကလေးတယောက် မျက်နှာချင်းဆိုင်ကနေ စက်ဘီးစီးပြီး လာတယ်။ ပထမတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ သူက ကိုယ့်ရှေ့နား မလှမ်းမကမ်းကို ရောက်တော့မှ စက်ဘီးပေါ်ကနေ ပေါင်နှစ်ခြမ်းကို ကား..ကနဲဆို အပေါ်ကို မြှောက်လိုက်တာပါ...

ကိုလူထွေးမှာ ဟာ..ကနဲဆို ချက်ခြင်း တဘက်ကို အကြည့်လွှဲပစ်ရတာပေါ့... စိတ်ထဲမှာတော့ ဘယ်လို မိန်းကလေးပါလိမ့် ဆိုပြီး တနုံ့နုံ့ ဖြစ်နေမိတယ်...။ ဒါနဲ့ပဲ ကိုယ့်ဘေးကနေ ဖြတ်ပြီး အနောက်ကို ရောက်သွားပြီဖြစ်တဲ့ အဲဒီ မိန်းမငယ်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ ဆက်လျှောက်သွားမိရော။

အဲဒီမှာတင်...

ရေစိုမှာစိုးလို့ စက်ဘီးပေါ်ကကောင်မလေး ခြေထောက်မြှောက်ပြီး ရှောင်သွားတဲ့ ဗွက်အိုင်ထဲကို ကိုလူထွေးမှာ ဇွပ်..ကနဲ ပြုတ်ကျတော့တာပါပဲ။

ဖိနပ်တွေလည်း ရွှဲ...
ဘောင်းဘီခြေဖျားတွေလည်း ရွှဲ...

အလုပ်ထဲကိုရောက်တဲ့အထိ
ခြေအိတ်တွေဆိုလည်း ရွှဲရွှဲစိုလို့ပေါ့...




ရွှင်လန်းချမ်းမြေ့ကြပါစေ...

အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး

22.11.09

အညောင်းပြေ အညာပြေ


"အညောင်းပြေအညာပြေ" ဘုတ်အုပ်ကြီးကို eBook အဖြစ် အမှတ်တရ သိမ်းထားချင်တယ် ဆိုရင်တော့ koluuhtwe@gmail.com ကို အီးမေးတကြောင်းသာ ပို့လိုက်ပါ...


၁။ ဘလော့ဂါတို့ မင်္ဂလာဆောင်

(ဖတ်ကြည့်ချင်ရင်)


၂။ ငယ်သူငယ်ချင်း မောင်သန်းရွှေ

(ဖတ်ကြည့်ချင်ရင်)


၃။ ကိုကိုခင်မောင်ထွေးနှင့် ပန်းခြံထဲမှ လှပဂေး

(ဖတ်ကြည့်ချင်ရင်)


၎။ အတတ်ကောင်း

(ဖတ်ကြည့်ချင်ရင်)


၅။ blognization နှင့် ကိုကိုလူထွေး

(ဖတ်ကြည့်ချင်ရင်)


၆။ ဒိဋ္ဌိ ခေါ် မောင်လူထွေး

(ဖတ်ကြည့်ချင်ရင်)


၇။ တသက်စာအလွဲ

(ဖတ်ကြည့်ချင်ရင်)


၈။ ကပ်စေးနဲ ကျော်ထူး

(ဖတ်ကြည့်ချင်ရင်)


၉။ ကိုလူထွေးပေးတဲ့နာမည်

(ဖတ်ကြည့်ချင်ရင်)


၁၀။ နုနုငယ်ငယ်

(ဖတ်ကြည့်ချင်ရင်)


၁၁။ ဘဝသင်ခန်းစာ

(ဖတ်ကြည့်ချင်ရင်)


၁၂။ သူဋ္ဌေးမကြီး မစိန်ငုံ

(ဖတ်ကြည့်ချင်ရင်)


၁၃။ ဆုနဲ့ဆူး

(ဖတ်ကြည့်ချင်ရင်)


၁၄။ ငါးပုံပြင်

(ဖတ်ကြည့်ချင်ရင်)


၁၅။ ညောင်းလွန်းလို့ပါ မကြည်ပြာ

(ဖတ်ကြည့်ချင်ရင်)


အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး

20.11.09

လက်သီးစာ


တနေ့ကတော့ ကိုလူထွေတို့စုံတွဲ အပြင်က ပြန်လာတာ တော်တော်မိုးချုပ်တယ်။ မြို့လည်ခေါင်မှာပေမယ့် အချိန်က အတော်လင့်နေပြီဆိုတော့ လူပြတ်တယ် ပြောရမှာပေါ့။ အဲလိုအချိန်ဆို မြေအောက်ရထားကလည်း နာရီဝက်နေမှ တစီးလောက်ပဲ လာတော့တာဟလား။ ဆာနေတဲ့ ဗိုက်ကို ခဏအောင့်ပြီး ကိုယ်တို့ နှစ်ယောက်သားမှာ မှတ်တိုင်မှာတင် "စောင့်ပေရော့" ပဲလေ။

သိပ်မကြာလိုက်ဘူး။ ကိုလူထွေးက တဘက်ကို ငေးနေချိန်မှာ အာဖရိကန် လူရွယ်တယောက်က ကိုလူထွေးရှိရာကို တန်းတန်းမတ်မတ် လျှောက်လာတယ်။ ကိုယ်က သူ့ကို မြင်တာမဟုတ်ပါဘူး။ ကိုယ့်အိမ်သူက အဲဒီလူ လျှောက်လာတာကို အဲလိုကြီး ငေးကြောင် ကြည့်နေမိခဲ့တာတဲ့။

ကိုလူထွေးက တဘက်ကို လှည့်နေတုန်းမှာပဲ အဲဒီလူက ကိုယ့်အနားကို ရောက်လာတယ် တဲ့။

အဲဒီလူက သူ့ရဲ့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်... ကိုယ့်မျက်နှာဆီကို သူ့ရဲ့လက်သီးနဲ့ ဝိုက်ပြီး... မျက်နှာနားလည်း ရောက်ရော အားကုန်ပဲ ဆွဲချလိုက်ပါလေရော။ အဲဒီအချိန်မှာ ကိုယ့်အမျိုးသမီး ခမျာလေ... ကြောက်လွန်းလို့ ကြုံးအော်တာ.. နောက်ဆုံး အသံတောင် ထွက်မလာတော့တဲ့ အထိပါပဲ။

ကိုလူထွေးက အလန့်တကြား အော်သံကိုလည်း ကြား... ကိုယ့်မျက်နှားနားကို လက်သီးမည်းမည်းတခု ဝိုက်လာတာ တွေ့တော့မှ လက်သီးရှင်ကို သေချာမော့ကြည့်ဖြစ်တယ်။ ကိုယ့်မျက်နှာကို စတဲ့နောက်တဲ့သဘောနဲ့ လက်သီးထိုးဟန် လုပ်ပြသူဟာ ကျောင်းတုန်းက သူငယ်ချင်း Paul ဖြစ်နေတာကိုး။

အရမ်းကိုပဲ ကြောက်အားလန့်အားဖြစ်နေတဲ့ ကိုယ့်အိမ်သူကို မြင်သွားမှ Paul က သူ့လုပ်ရပ် လွန်သွားမှန်း သိတယ်။ အမှန်တော့ သူက ဟိုးအရင်ကတည်းက အဲဒီလိုပဲ စ နေ၊ နောက်နေကျပါ။ သူ့ကြောင့် လန့်သွားရတယ်ဆိုတော့လည်း သူက ကိုယ်တို့နှစ်ယောက်ကို အနူးအညွတ်ကိုပဲ တောင်းပန်ရှာပါတယ်။

အဲဒီညက ဗိုက်ဆာနေတဲ့ ကိုလူထွေးတို့ နှစ်ယောက် သူကျွေးတဲ့ ဟမ်ဘာဂါ လိုက်စားပြီးမှပဲ အိမ်ပြန်ခဲ့ ကြတော့တယ်...

ကိုလူထွေး

18.11.09

အေးမြတဲ့ အရိပ်မို့


ကဗျာဆိုတာ ခံစားစရာကောင်းတဲ့ အနုပညာတခု လို့ စပြီးခံယူမိတဲ့ အချိန်မှာ ကိုယ့်အနားကို ရောက်လာတာက ဆရာတင်မိုးရဲ့ ကဗျာတွေလေ... အဲဒီလိုဆိုတော့ ကိုလူထွေး ဖန်တီးဖူးခဲ့တဲ့ ကဗျာတွေမှာလည်း ဆရာတင်မိုးရဲ့ ဟန်ပန်အမူအရာ၊ စကားလုံး ရွေးချယ်မှုတွေကစလို့ လွှမ်းမိုးမှုတွေ အနည်းနဲ့အများ ရှိနေခဲ့မယ်ဆိုတာ အထူးပြောစရာလိုမယ် မဟုတ်ပါဘူး။

ဒီကနေ့တော့ ဟိုးငယ်ငယ်က ကိုလူထွေးရေးခဲ့ဖူးတဲ့ ကဗျာတပုဒ်ကို ဆရာတင်မိုးရဲ့ မွေးနေ့အမှတ်တရ ပေးဖတ်ချင်ပါတယ်... ဒီကဗျာမှာ ဆရာကြီးရဲ့ အရိပ်တွေကို ပြန်ပြန်ပြီး တွေ့နေကြမယ်ဆိုရင်... အဲဒီအရိပ်ဟာ ငြိမ်းချမ်းအေးမြတဲ့ အရိပ်မို့ ကိုယ်ကိုယ်တိုင် ကျေကျေနပ်နပ်ကြီး ခံယူပါတယ် ဆိုတဲ့အကြောင်း အားလုံးကို ပြောပြချင်တာပါ...


အလင်းတပွင့် သို့မဟုတ် ငြိမ်းချမ်းရေး

ခါးသည်းမှုများ ပြည့်နှက်
ရက်စက်တဲ့ ဒေသတခု
ကြင်နာမှုတွေ ပျောက်ဆုံး
အထီးကျန်ဆုံး ဒီနေရာမှာ
ပျော်စရာဆိုတာ ရှာမတွေ့...

မှောင်အတိဖုံးလွှမ်း
လမ်းပျောက်နေတဲ့ ညအခါ
မင်းနဲ့ငါ နှစ်ယောက်တွဲ
ချိုင့်ထဲကျလိုကျ
ကုန်းမြင့်က ဘယ်ဝယ်မသိ
ခလုပ်တိုက်လဲမိမလို
ကြောက်အားပိုစရာ အမှောင်ရိပ်ကြီးနဲ့
ချောက်ကြီးထိပ် ရောက်လာခဲ့...

တခါတခါ
မြေပြင်ညီညာတဲ့
လွင်ပြင်သာပေမယ့်
မရဲတရဲလျှောက်
ချောက်ရှိသလား
မှောက်မိမလား
မသိညားလေတော့
ကြောက်ကြောက်ရွံ့ရွံ့နဲ့
မလျှောက်ဝံ့ပေဘူး...

အနာဂတ်လူ့ဘဝ
အခုညလို မှောင်အုံးမလား
အထင်များနဲ့ စောင့်ဆိုင်း
ရိုင်းစိုင်းတဲ့ ပတ်ဝန်းကျင်
ဒီရင်ခွင်မှာ ကြီးပြင်းခဲ့...

မဖြောင့်တန်းတဲ့
အမှောင့်လမ်းမှာ
ညောင့်တခါ ဆူးတလှည့်
မညီမျှခဲ့တဲ့ ဘဝ
သေတာကကောင်းအုံးမလား...

ဒါပေမယ့်
ဓားသွားပေါ်က ပျားရည်စက်
ခါးတဲ့အရက်တခွက်လို
မှားယွင်းမှုကို ဦးချ
တို့ဘဝကို အရှုံးပေးရင်း
ငိုကျွေးခြင်းနဲ့ အဆုံးသတ်ရင်
အလင်းရှိရာ အရပ်ကို
တို့ ဘယ်လိုရှာမလဲ...

ငိုနေလို့ မပြီးတဲ့ဘဝ
စိတ်အလှကိုတည်ဆောက်
ဆုံးရှုံးမှုကို သွန်မှောက်ရင်း
အမိုက်တွင်းက ရုန်းထွက်
လင်းလက်တဲ့အရပ်ကို ရှာဖွေ
အကောင်းဆုံး မျှော်လင့်ချက်တွေနဲ့
တို့လက်တွေ တွဲယှက်လို့
ရှာကြစို့ ငြိမ်းချမ်းရေး... ။ . . . ။


သူချစ်တဲ့ မြန်မာပြည်သူလူထုကို အမြဲတမ်း အလင်းရောင်ပေးဖို့ ကြိုးပမ်းနေခဲ့တဲ့ ဆရာကြီး... မြင့်မြတ်တဲ့ ဘုံတနေရာမှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေမယ်လို့ ယုံကြည်ပါတယ်...

အားလုံးကို ခင်မင်လေးစားတဲ့
ကိုလူထွေး

14.11.09

"ဥ" ပုံပြင်

စတူဒီယိုပြေးလိုက်... အက်ဒစ်တင်းလုပ်လိုက်... မကြိုက်လို့ပြန်ပြင်လိုက်နဲ့ ခုတလော မအားရဘူးဖြစ်နေတာ ဒီဗွီဒီယိုကြောင့် ပါဗျာ.....





Welt Disney က ဒေါ်လာ သန်းချီပုံပေးပြီး လာဝယ်မယ်ဆိုရင်တောင် မရောင်းဘူးလို့ ပြောထားပြီးသား...


အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး

4.11.09

ညောင်းလွန်းလို့ပါ မကြည်ပြာ

လှည့်ဆင်တဲ့ ချောက်ကွက်ထဲကို
ရက်ရက်စက်စက် ရောက်ခဲ့ပြီးမှ
မလှည့်ချင်တဲ့ အနောက်ဘက်ကို
အသက်ရှင်လျက် လျှောက်ရတော့မယ်...

နင်သိပ်လှတယ် ကြည်ပြာရယ်...
လှသလောက် အဆိပ်ပြင်း
မြခမောက် သပိတ်ကျင်းလို
ဘဝတလျှောက် စိတ်တင်းလာခဲ့ပြီးမှ
ရသလောက် ကျိတ်ညှင်းခံလိုက်ရတာ
(ကိုယ်...)
"ညအဟောက် သိပ်ပြင်းလို့တဲ့လား"...

တင်ရင်ဘာညာတွေဆို တယ်ဖြိုးမောက်
အကြင်အနာတွေပို တကယ်ရိုးဖြောင့်
အစဉ်အလာတွေကို ကွယ်ချိုးဖောက်
မြင်မြင်ရာရာကိုလည်း ငါ တိုးလျှောက်ခဲ့တယ်
နင်ပြန်လာမယ်ဆိုတဲ့ အသိတထောက်ကြောင့်
"ရင်ရင်မာ" ကိုတောင် ငါ 'ဟောက်' လွှတ်ခဲ့သေးတယ် မဟုတ်လား...

ပြန်လာခဲ့ပါ ကြည်ပြာရေ...
ခံလာရတာကိုလည်း ကိုယ်မေ့ဖြတ် ပစ်လိုက်မယ်
ပျံလာကျတာကိုလည်း ကိုယ်တေ့ကပ် နှစ်လိုက်မယ်
ရန်လာစတာကိုလည်း ကိုယ်စေ့စပ် ချစ်လိုက်မယ်ကွယ်...

ကြံရာမရခင် ဒီလမ်းကို ဘယ်လို ဆက်ဖောက်ရမလဲ
ဒဏ်ရာရ... 'ရင်' သည်အလွမ်းကို ဘယ်လို ဖျက်ဖျောက်ရမလဲ
ဖြန်ခါကျရင် ဒီဝမ်းကို ငါ… ဘယ်လို ဆက် 'ပေါက်' ရမလဲ…

ငါ့အကွက် တကျောရွှေ့လည်း chess သေပြီ
ဘဝအတွက် အမောတွေလည်း ဆက်နေပြီ
အလှ မက်မောနေရင်လည်း ခက်ချေမည်
(ကြည်ပြာရေ လာကြည့်လှည့်ပါ...)
ငါ့ ဇက် ကြော တွေ လည်း တက် နေ ပြီ... ။ ။


အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး

1.11.09

သာယာကုန်းရွာ ဘလော့ဂါ စာပေဟောပြောပွဲ


"မြိုင်မြိုင်ဆိုင်ဆိုင် ဘလော့တန်ဆောင်တိုင်" ကို ဆက်ရေးရသော်...


တန်ဆောင်မုန်း လပြည့်နေ့ နီးလာလေလေ သာယာကုန်း ရွာသူရွာသားများ၏ ရင်တွင် အိုးစည်ဗုံမောင်း တီးသံတွေ ပိုညံလာလေလေ ဖြစ်သည်။ ခါတိုင်းနှစ်တွေ ကနှင့်မတူ တမူထူးခြားသည့် ပွဲမို့လည်း အားလုံး၏ စိတ်ထဲမှာ ပျော်ရွှင်မှုရော စိတ်လှုပ်ရှားမှုကပါ ခလောက်ဆံလို့ နေပါပြီ။

ဘလော့ဂါဆိုသူတွေ လာကြမည်တဲ့။ နိုင်ငံအစုံကပဲတဲ့။ သူတို့က သာယာကုန်းရွာကလေးမှာ ကျင်းပမည့် 'စာပေဟောပြောပွဲ' သက်သက်အတွက် မြန်မာနိုင်ငံကို ပြန်လာကြမှာတဲ့။

ဘလော့ဂါတွေ အကြောင်းကို ဆရာလေး ဝိုင်တီယူ က ရှင်းပြတော့လည်း စိတ်ဝင်စားဖို့ ကောင်းနေပြန်သည်။ ဘာတဲ့... "ဘလော့ဂါ ဆိုသူတွေဟာလည်း တခါတလေမှာ 'လယ်စိုက်' တတ်ကြသေးသည်" ...ဆိုပဲ။

"ပြည်ပက လာမှာဆိုတာ့ ဗမာလိုရော ပြောတတ်သေးရဲ့လား..တော့" ဟု မနော်ဖော (ရှလွတ်နှင်းဆီ) က စိတ်ဝင်တစား မေးသောအခါ...

"ဘလော့ကာတွေက အားလုံးနားလည်အောင် ဗမာစကားနှင့် ဟောပြောပေးကြမှာပါ... ခင်မျ" ဟု ဆရာလေးက စိတ်လိုလက်ရ ပြန်ဖြေပေးသည်။

အဲတခုတော့ ရှိသည်တဲ့။ ဟောပြောမည့် ခေါင်းစဉ်ကိုတော့ "e လို" ပေးချင်လည်း ပေးကြ လိမ့်မည်တဲ့။

ဆရာလေး၏ စကားအဆုံးဝယ် အစည်းအဝေးလာ ရွာသူရွာသားများ အားလုံး ကိုယ့်နှာခေါင်းကိုယ် ပြိုင်တူ ပိတ်လိုက်မိကြ လေတော့သည်။

... ... ...

နှာခေါင်းကြီးကြီးနှင့် မှောင်ခိုကုန်သည် လူပျိုကလေး ကိုဖိုးစိန် က ဖောက်သည်ချထား သဖြင့်လည်း ရွာသားများသည် နာမည်ကြီးဘလော့ဂါ တချို့၏ နာမည်များနှင့် သူတို့၏ အကြောင်း တစေ့တစောင်းကို သိရှိထားကြပြီး ဖြစ်၏။

ဘလော့ပေါ်တွင် မိုးခါး၊ မီးမီးချစ်၊ ချစ်ပါးလုံး၊ ချိုကိုသဇင် နှင့် ရီတာ တို့လို ဓာတ်ပုံတင်ထားသော ဘလော့ဂါ ကိုကိုမမများ၏ ပုံများကိုလည်း ဖိုးစိန်က ယူလာပြလေရာ ရွာသူရွာသားများသည် လူကိုယ်တိုင် မမြင်ဖူးခင်ကပင် ဘလော့ဂါဆိုသူများကို ချစ်ခင်မိကြလေသည်။

ခြေလှမ်းကျဲသော ဖိုးစိန်က သာယာကုန်းရွာ သို့သာမက အနီးအနား တဝိုက်ရှိ ကျေးလက် တောရွာများသို့လည်း ခြေဦးပေါက်ရကား "ဘလော့ စာပေဟောပြောပွဲ" နှင့် "ဘလော့ဂါ" များအကြောင်းသည် အတော်လေးပင် ကြော်ကြား ပြန့်နှံ့လို့ နေပြီး ဖြစ်သည်။ အိမ်နီးနားချင်း ရွာများမှ ရွာသူရွာသား များကလည်း ထိုသတင်းကို စကြားပြီးကတည်းက အလွန်ပင် စိတ်အားထက်သန်လျှက် ရှိနေကြလေသည်။

မေသူ နှင်းဆီပန်းချစ်တဲ့ကောင်မလေးသီဟသစ်ရေတမာ၊ နှင့် သံလွင်ဟီးရိုး တို့ဆိုလျှင် သူတို့ချစ်သည့် ဘလော့ဂါ မမဝါ ပါလာကောင်း ပါလာနိုင်သည်ဆိုသဖြင့် လပြည့်ရက် မတိုင်ခင်ကတည်းက သာယာကုန်းရွာသို့ ရောက်ရှိစောင့်စား နေကြလေ၏။

မေဇင်၊ မေတ္တာရောင်ပြန်တောင်ပေါ်သား၊ မိုးကုတ်သား နှင့် ကောင်းကင်ပြာ တို့ဆိုလျှင် သည့်အတွက်ပင် မအိပ်နိုင် မစားနိုင် ဖြစ်ကြရသေးသည်။ ကြည်ဖြူပိုင်ဆိုလျှင် မကြီးဝါတို့ မိသားစုစားရန် အတွက်ဟုဆိုကာ ဝက်သားဟင်းများပင် ချက်၍ယူလာ သေးတော့၏။

သူတို့ချစ်သော ဘလော့ဂါမမကြီးသည် သာယာကုန်းရွာသို့ လိုက်မလာနိုင် ဆိုသည့် အကြောင်းကိုတော့ သူတို့လေးတွေ သိမထား ရှာကြသေး။ အကြောင်းမှာ မကြီးဝါသည် အထူးဖိတ်ကြားထားသော ဧည့်ခံပွဲတခုမှာ အုန်းနို့ခေါက်ဆွဲ စားခဲ့ပြီး ဝမ်းတွင်း မအီမသာ ဖြစ်နေရခြင်းကြောင့် ဖြစ်ပေ၏။

... ... ...

ဗိုက်နာမှာ ကြောက်တတ်ကြသော စီးပွားရေးသမား အချို့ကလည်း အကွက်ကောင်းကို ချောင်းကာ တန်ဆောင်တိုင် စာပေဟောပြောပွဲအမီ သူတို့၏ လုပ်ငန်း ကိုင်ခန်းများကို တိုးချဲ့ရန် ကြံစည်နေကြလေသည်။

ကိုရင်နော်က စီဘီယာဆိုင်ဖွင့်ရန် မင်းအိမ်ဖြူ၊ ကြယ်ကလေး၊ ရီနိုမာန်၊ ညီညီ တို့နှင့် တိတ်တဆိတ် တိုင်ပင်နေချိန်မှာပင်...

မိုးမောင်၊ ချမ်းလင်းနေ၊ ဂျပန်ကောင်လေး၊ နွယ်ရိုး၊ ဇက်တီ နှင့် ဝသန်မိုး တို့ကလည်း သူတို့၏ ခြောက်ကောင်ဂျင်ဝိုင်းကို မဖမ်းရန် စခန်းမှူး မြစ်ကျိုးအင်း၏ အိမ်နောက်ဖေးပေါက်သို့ တံစိုးလက်ဆောင်များကို နွားလှည်းနှင့် တိုက်၍ သွားပို့ နေပြီဖြစ်သည်။

မသီတာ၊ နှင်းဟေမာ၊ နှင်းနှင့်မာယာ၊ အနမ်း၊ မိုမိဂျိ၊ တီတီဆွိ နှင့် နွေးနေခြည် တို့က နိဗ္ဗာန်ဈေးဖွင့်ရန် အားသန်နေသလောက်...

ပန်ဒိုရာ၊ သိင်္ဂါကျော်၊ မယ်ကိုး၊ မေလေးလွင်၊ စိမ်း၊ နှင့် မငယ်နိုင် တို့က အခြေအနေပေးလျှင် ကိုယ်တိုင် ဝင်ရောက် ဟောပြောနိုင်ရန် စာများ၊ ကဗျာများ၊ ဆောင်းပါးများကို ကြိုတင် ရေးသားပြင်ဆင်လျှက် ရှိနေကြလေ၏။

ကိုဇော်၊ လင်းဒီပရန်ကုန်သား၊ စည်သူ၊ တလနွန် နှင့် သက်တန့်ချို တို့က ကျီးမနိုးပွဲအတွက် အစီအစဉ်များကို ရေးဆွဲရင်း ရောက်လာမည့် ဘလော့ဂါများကို နောက်ပြောင် ကျီစားရန် တိုင်ပင်ကြံစည်လျှက် ရှိနေကြသည်။

ဇော်၊ ဒဏ္ဍာရီ၊ ပူးတေနန်းညီ နှင့် အဖြူရောင်နတ်သမီးတို့ ဆိုလျှင် ကိုယ်တိုင်ပင် ဘလော့ဂါ ဖြစ်ချင်လွန်းလှသဖြင့် ဖိုးစိန်ထံမှာ ဘလော့လုပ်နည်း စာအုပ် မှာနေကြလေပြီ။

သက်ဝေ၊ လသာည၊ busymozzeeဖြူတုတ်လေး၊ angelshaperအမရာကို၊ မဆုမွန် တို့ကလည်း သူတို့ချစ်သော မင်းသားများ အဆိုတော်များနှင့် ဆင်ဆင်တူသူ ဘလော့ဂါများ ပါလာလျှင် လက်မှတ်ထိုးခိုင်းရန်အတွက် ဖိုးစိန်ထံမှာ အော်တိုစာအုပ် လှလှလေးများကို အလုအယက် ဝယ်ယူလျှက် ရှိကြသည်။

vista, mae, ကိုပီအမ်၊ ယုယ နှင့် ဂျစ်တူး (မုန်ယို) တို့ကလည်း ဘလော့ဂါ လှလှလေးများကို အမိအရ ဓာတ်ပုံရိုက်ယူမည်ဟု အားခဲကာ ဖလင်လိပ်အသစ်များ ဝယ်ယူစုဆောင်း နေကြတော့၏။

တရွာလုံး ဒီအကြောင်းပဲ ပြောနေ၊ ဒီအတွက်ပဲ လုံးပန်းနေကြပြီး... မွန်းတည့်အမီ ရွာဦးကျောင်းသို့ ဆွမ်းပို့ရန် ပျက်ကွက်လာကြသည့် နောက်ဆုံး ရွာဦးဘုန်းကြီးကတောင် အမြင်ကပ်လာရသည် အထိပင် ဖြစ်သည်။

... ... ...

စိတ်မကောင်းစရာ ပြောရလျှင်တော့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် Dလောက် အားခဲထားပြီးကာမှ Dနှစ် တန်ဆောင်တိုင်သာ ပြီးသွားရော Dစာပေဟောပြောပွဲကြီးကို Dသာယာကုန်းရွာကလေးမှာ Dတခေါက် မကျင်းပဖြစ်ခဲ့ပါချေ။

အကြောင်းကတော့ Dရွာကို စာပေဟောပြောပွဲအတွက် မည်သည့်ဘလော့ဂါမှ ရောက်မလာ ကြခြင်းကြောင့်ပင် ဖြစ်ပါသတည်း။

... ... ...

ရောက်မလာဆို မမKOM ရဲ့ ဘလော့မှာ ကြော်ငြာပေးဖို့ သူကြီး ဦးလူထွေး ရေးပေးလိုက်တဲ့ ကြော်ငြာစာကိုလည်း ဖတ်ကြည့်ဦးလေ...

"သာရာ ကုန်လိုက်ချင်သူ ပလော့ဂါများ.....
အ မြန်စာရင်းပေးကြ ဘို့. ဖိတ်ခေါ်ပါတယ်. ။"
...တဲ့

ဘလော့ဂါဆိုတာ ကုန်သည်တွေမှမဟုတ်တာ... သူရေးထားတဲ့ စာကိုဖတ်ပြီး ဘယ် သူ လိုက် လာ တော့ မှာ လဲ ...



ရွှန်လန်းချမ်းမြေ့ကြပါစေ...

အားလုံးကို ခင်မင်လေးစားတဲ့
းဝ) ကိုလူထွေး


(ပျော်စေချင်တဲ့ ဆန္ဒသာ ပါပြီး... ပျက်စေဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ နာမည်မပါစေချင်ဘူး ဆိုရင် ချက်ချင်း အကြောင်းကြား စေလိုပါတယ်... နာမည်မပါသေး သူများလည်း အကြောင်းကြားစေ လိုပါတယ်...)

25.10.09

ဘကြီးအောင် ညာတယ်


ဝတ္ထု ။…။ မင်းသုဝဏ် (၁၉၃၂ ခုနှစ်တွင် ရေးခဲ့သောဝတ္ထု)
ဇာတ်ညွှန်း ။…။ ကိုလူထွေး
(၂၀၀၉ ခုနှစ်တွင် လက်တည့်စမ်းသည်)


အခန်း (၁)

ပါဝင်သူများ ။…။ စာချဦးပဉ္ဇင်းတပါး၊ မောင်ချစ်နှင့် ခုနစ်နှစ် ရှစ်နှစ်အရွယ် ကျောင်းသားကလေးများ
နေရာ ။…။ ဘုန်းကြီးကျောင်း စာသင်ဆောင် ဇရပ်

အချိန် ။...။ ညနေစောင်း

ကင်မရာက ကျောင်းသားများ၏ နောက်ကျောဘက်မှ စာချနေသော ဦးပဉ္ဇင်းကို မျက်နှာမူ၍ ချိန်ထားရန်။

သင်ပုန်းပေါ်၌ “မင်္ဂလသုတ်” ကို ဝိုင်းစက်သော လက်ရေးဖြင့် သပ်ရပ်စွာ ရေးထားစေ။ ဦးပဉ္ဇင်းက စာပိုဒ်များကို ကြိမ်လုံးဖြင့် တကြောင်းချင်း ထောက်ပြစေ။ ကျောင်းသားများက ငြိမ်သက်စွာ ထိုင်လျှက် စာအံမှုကို အဆုံးသတ်စေ။

ကျောင်းသားများ ။…။ “…………… တံ တေသံ မင်္ဂလ မုတ္တမံ“

ဦးပဉ္ဇင်း ။…။ “ကဲ ဒီနေ့တော့ ဘုန်းကြီးတို့ ဒီနေရာမှာပဲ နားမယ်။ ဖြန်ခါကျရင်တော့ အဲဒီ “မင်္ဂလသုတ်” ကို တဦးချင်း နှုတ်တိုက် ရွတ်ပြရမယ်။ ကြားကြလားဟေ့”

ကျောင်းသားများ ။…။ “မှန်လှပါ ဘုရား…”

ဦးပဉ္ဇင်း ။…။ “အေး အေး အေး… ကောင်းပြီ… ဒါဆိုရင် ပြန်ကြတော့”

ငြိမ်၍ထိုင်နေသော ကျောင်းသားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ။

ကင်မရာကို ဇရပ်အောက်မှနေ၍ လှေခါးဆီသို့ စီး၍ ချိန်ထားရန်။

ကျောင်းသားများက ကျောက်သင်ပုန်းကိုယ်စီ ကိုင်လျှက် မိမိဖိနပ်ကို မိမိရှာ၍ဝတ်ကာ ဇရပ်ပေါ်မှ ဆင်းလာကြစေ။ ကျောင်းသားများထဲတွင် မောင်ချစ် ပါသော်လည်း မထင်မရှားသာ ရှိစေ။



အခန်း (၂)

ပါဝင်သူများ ။…။ မောင်ချစ်နှင့် ကျောင်းသားကလေးများ၊ ပန်းပုဆရာကြီး ဦးအောင်
နေရာ ။…။ ရွာလယ်လမ်းမ
အချိန် ။…။ ညနေစောင်း နေဝင်ချိန်

ကင်မရာကို crane shot ဖြင့် ထန်းပင်နောက်ကွယ်မှ ပျောက်ကွယ်လုလု နေလုံးကြီးကို ရိုက်ပြရန်။ ထန်းပင်ဆီမှ လမ်းမပေါ်ရှိ ကျောင်းသားကလေးများထံ သို့ ဖြည်းဖြည်းချင်း ဆွဲယူသွားရန်။

ကျောင်းသားများ ။…။ “အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့..လာ..မောင်..ရို့…ဝါး”

ကျောင်းသားများက ခုန်ပေါက်အော်ဟစ်လျှက် ပြေးလာစေ။ ရွတ်ဆိုလာသော အသံကို တိုးညှင်းစွာသာ ပေါ်လွင်စေ။

ကင်မရာကို အပေါ်စီးမှ ချိန်ရွယ်ထားရာမှ ကျောင်းသားများထံသို့ zoom ဆွဲယူပြီး အနားသို့အရောက်တွင် ထိုကျောင်းသားတို့ကို ကျော်ကာ အနောက်ခပ်လှမ်းလှမ်းမှ တဦးထဲလာနေသော မောင်ချစ်ကို ရိုက်ပြရန်။

မောင်ချစ်က ချည်ပုဆိုးကြမ်းကို ကွင်းသိုင်းလျှက် ရှပ်အင်္ကျီပွပွကို လျော့ရဲစွာ ဝတ်ဆင်ထားစေ။ ခေါင်းပေါ်တွင် ဆံရစ်ဝိုင်းနှင့်ဖြစ်ပြီး မျက်နှာတွင် သေနပ်ခါးဘဲကြားက ဟိုတကွက် သည်တကွက် ကျန်နေစေ။ ခေါင်းကို ငိုက်စိုက်ချကာ ပါးစပ်မှလည်း “ဧဝံမေသုတံ၊ ဧကံသမယံ…” ဟု ထပ်ခါတလဲလဲ ရွတ်နေစေ။


အခန်း (၃)

ပါဝင်သူများ ။…။ မောင်ချစ်၊ ကျောင်းသား ခြောက်ဦးခန့်၊ ဦးအောင်
နေရာ ။…။ ဦးအောင်၏ တဲရှေ့ ကနဖျင်း

အချိန် ။...။ ညနေစောင်း

ကင်မရာကို လမ်းမပေါ်မှနေ၍ ဦးအောင်ထိုင်နေရာ ကွပ်ပျစ်ပေါ်သို့ ချိန်ထားရန်

တဲငယ်ထဲတွင် ပန်းပုရုပ်များကို စင်များပေါ်တွင် အစီအရီတင်ထားစေ။ ပန်းပုထုနေသော ဦးအောင်၏ ပတ်ပတ်လည်တွင် ကျောင်းသား ခြောက်ဦးခန့် ဝိုင်းအုံနေစေ။ ချိန်ထားသော ကင်မရာရှေ့သို့ မောင်ချစ် ဝင်လာစေ။ ဦးအောင်၏ ခြံဝင်းအရှေ့သို့အရောက် သူငယ်ချင်းများကို တွေ့ကာ စူးစမ်းလိုစိတ်ဖြင့် ပြေးဝင်ကြည့်စေ။

ပန်းပုထုနေသော ဦးအောင်ကို မောင်ချစ်မြင်ရမည့် မြင်ကွင်းအဖြစ် အနီးကပ်ဆွဲ၍ ရိုက်ယူရန်။

ဦးအောင်၏ ဘေးပတ်ပတ်လည်တွင် တူ၊ ဆောက်၊ ဆောက်ပုတ် အစရှိသော ကိရိယာများ ဝန်းရံထားစေ။ ကိရိယာများ ထည့်ထားသည့် သစ်သားဗူးတဗူးလည်း ရှိနေစေ။ ဦးအောင်၏ လက်ထဲတွင် ရုပ်လုံးပေါ်ရုံမျှသာ ရှိသေးသော ဆင်စွယ် မင်းသမီးရုပ်ကလေး ရှိနေစေ။
(အချောမသတ်ရသေးသော်လည်း နွဲ့နှောင်း ဖြူဖွေးသော အရုပ်ကလေးမှာ မြင်ရုံနှင့် စွဲမက်ဖွယ်ရာ နှစ်လိုမက်မောဖွယ်ရာ ဖြစ်နေစေရမည်)

ဦးအောင်ပန်းပုဆက်ထုနေစဉ်မှာပင် ကျောင်းသာတယောက် သန်းဝါစေ။ ကျန်တယောက်က အားလုံးကို မျက်စပစ်ပြကာ ကွပ်ပစ်ထံမှ ထွက်ခွာစေ။ မောင်ချစ်တယောက်သာ ဦးအောင်အနားမှာ ကျန်ရစ်စေ။

မောင်ချစ်က မြေကြီးပေါ်တွင် ဒူးထောက်ပြီး ကွပ်ပျစ်ခါးပန်းတွင် မေးတင်ထားစေ။ ပန်းပုရုပ်ကို တလှည့် ဘကြီးအောင်ကို တလှည့် စိတ်ဝင်စားစွာ ငေးကြည့်နေစေ။

မောင်ချစ် ။…။ “ဘကြီးအောင်”

ဦးအောင် ။…။ “ဟေ”

မောင်ချစ် ။…။ (မျက်စိပေကလပ်ဖြင့် မရဲတရဲ ဆိုစေ) “ ဒီ မင်းသမီးရုပ်လေး ပြီးသွားရင် ဘယ်သူ့ကို ပေးမှာလဲဟင်”

အရုပ်ကလေးနှင့် ဆောက်တို့ကို ဘေးသို့ချကာ ဆောက်ပုံးထဲတွင် တစုံတခု (ဆေးပြင်းလိပ်) ကို စမ်းလျှက် ရှာဖွေနေစေ။

ဦးအောင် ။…။ “ငါ့တူကြီးက ဒီအရုပ်ကို လိုချင်လို့လားကွ”

မောင်ချစ်၏ မျက်နှာ ဝင်းလက်သွားကာ ခေါင်းကို အလျှင်အမြန်ပင် ပြန်၍ ညှိမ့်စေ။

ဦးအောင် ။…။ (မောင်ချစ်ကို မကြည့်ဘဲ ဆေးလိပ်ကို မီးညှိရင်း ပြောစေ) “ငွေတကျပ် ယူခဲ့ရင် မင်းကို ဘကြီးအောင် ပေးမယ်၊ ဟုတ်လား”

ငွေတကျပ်ဟု ဆိုလိုက်ချိန်ဝယ် မောင်ချစ်၏ မျက်နှာမှာ ဇဝေဇဝါ ဖြစ်သွားကာ မျက်မှောင်ကြုတ်လျှက် ဦးအောင်ကို စကားပြန်ပြောစေ။

မောင်ချစ် ။…။ “ငွေတကျပ်မှာ ဘယ်နှစ်ပြားရှိတာတုန်း ဘကြီးအောင်ရ”

ဦးအောင် ။…။ (လက်ဝါးနှစ်ဘက်ကို ထောင်ပြကာ စိတ်ရှည်လက်ရှည် ရှင်းပြစေ) “ဆယ်ပြား ဆယ်ပြား ခြောက်ခါ၊ နောက်ပြီးတော့ လေးပြားထည့်၊ ပေါင်း ခြောက်ဆယ်နဲ့ လေးပြား၊ အဲသည်လောက်ကို တကျပ်ခေါ်တယ် ငါ့တူရ”

မောင်ချစ် ။…။ “ ၆၄ ပြားပေးရင် ကျုပ် ဒီအရုပ်ကလေး တကယ်ရမှာလား။ နောက်မှ မညာနဲ့နော်၊ ဘကြီးအောင်”

မောင်ချစ်က ပြောရင်းဆိုရင်း ရွှင်လန်းဝမ်းမြောက်စွာဖြင့် ခုန်ပေါက်ပြေးထွက်သွားစေ။

မောင်ချစ် မျက်စိတဆုံး ပျောက်သွားသည်အထိ လမ်းမကြီးကို ရိုက်ပြရန်။


အခန်း (၄)

ပါဝင်သူများ ။…။ မောင်ချစ်နှင့် ကျောင်းသားများ၊ မုန့်လာရောင်းသည့် ဈေးသည်များ၊ ဘုန်းကြီးဦးခေမာ
နေရာ ။…။ ဘုန်းကြီးကျောင်းဝင်း နှင့် အနီးတဝိုက်
အချိန် ။…။ နေ့လည်ချိန်

ကင်မရာကို ဘုန်းကြီးကျောင်းဝင်းအပြင် လမ်းပေါ်မှနေ၍ ကျောင်းဝင်ပေါက်ဝသို့ ချိန်ထားရန်။

ကျောင်းသားများ ဈေးသည်များထံမှာ အသီးသီး မုန့်ဝယ်စားကြစေ။ မောင်ချစ်က အိတ်ထဲမှ ပြားစေ့ကလေးကို ထုတ်ကာ ပြားစေ့ကိုကြည့်လိုက် မုန့်သည်များဘက်သို့ ကြည့်လိုက် လုပ်နေစေ။

သူငယ်ချင်းကျောင်းသားများက ဝယ်ယူထားသော မုန့်ပဲသွားရည်စားများကို မောင်ချစ်ရှေ့မှာ အားရပါးရ စားပြစေ။ တံထွေးကို မြိုချရင်း ဆွမ်းစားကုလားတက်ခေါက်သံကြား၍ မောင်ချစ် ပြေးထွက်သွားစေ။

ဘုန်းကြီးကျောင်းရှေ့ ကွက်လပ်တွင် မောင်ချစ်ကဲ့သို့ တန်းစီနေသော ကျောင်းသားကလေးများကို ဘုန်းတော်ကြီး ဦးခေမာက ငှက်ပျောသီး တလုံးစီ ဝေငှပေးနေစေ။


အခန်း (၅)

ပါဝင်သူများ ။…။ မောင်ချစ်၊ ဦးအောင်၊ ဆင်စွယ်ရုပ်ကလေး
နေရာ ။…။ ဦးအောင်၏ တဲရှေ့ ကနဖျင်း
အချိန် ။...။ ညနေစောင်း


ပန်းပုထုနေသော ဦးအောင်နံဘေးတွင် မောင်ချစ် ရပ်နေစေ။

ဦးအောင်လက်ထဲမှ မင်းသမီးရုပ်ကလေးကို အနီးကပ် zoom ဆွဲယူ၍ ရိုက်ပြရန်။

ကျောင်းမှအပြန် မောင်ချစ် ဘကြီးအောင်ဆီ ပြေး၍ လာစေ။

ဦးအောင်နံဘေးတွင် ထိုင်လျှက် ပန်းပုရုပ်ကလေးကို ငေးနေစေ။

မောင်ချစ် ပြန်ထွက်သွားစေ။

ဦးအောင်လက်ထဲမှ မင်းသမီးရုပ်ကလေးက တကွက်နှင့် တကွက် ပြောင်းသွားတိုင်း တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာစေ။


အခန်း (၆)

ပါဝင်သူများ ။…။ မောင်ချစ်၊ မောင်ချစ်၏ မိခင်
နေရာ ။…။ မောင်ချစ်တို့အိမ်

အချိန် ။...။ နေ့အလင်းရောင်

ပြုံးနေသော မောင်ချစ်၏ မျက်နှာကို အဝေးမှတလှည့် အနီးမှ တလှည့် ရိုက်ပြရန်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာသော မင်းသမီးရုပ်ကလေးပုံကိုလည်း တကွက်ချင်း ကြားညှပ်၍ ပြရန်...

အိမ်ရှေ့ကွပ်ပျစ်တွင် လှဲနေရင်း မောင်ချစ် မျက်နှာမှာ ပြုံးနေစေ။ မောင်ချစ်၏ ပြုံးစစမျက်နှာကို အသေအချာ ငုံ့ကြည့်ရင်း မောင်ချစ်မိခင် နားမလည်နိုင်ဖြစ်စေ။

မောင်ချစ်မိခင် ။…။ (ကျယ်လောင်စွာဖြင့် ကြုံးအော်စေ) “ဟဲ့ ကောင်လေး…”

ရုတ်တရက် မျက်နှာနားအော်လိုက်သံကြောင့် မောင်ချစ် လန့်သွားစေ။ ထို့နောက် အခြေအနေကို ရိပ်မိသွားပြီး သွားများပေါ်အောင် စပ်ဖြီးဖြီး ပြုံးပြစေ။

မောင်ချစ် ။…။ “အမ ဥပုသ်နေ့လည်း စာသင်ရက်ဖြစ်ရင် ကောင်းမယ်နော်”

မောင်ချစ်မိခင် ။…။ (မယုံကြည်နိုင်စွာဖြင့် ပြန်ပြောစေ) “ဟေ… ဒီကောင်လေး ခုတလော ဘာတွေဖြစ်နေလဲ။ ဥပုသ်နေ့ ဘယ်တုန်းက ကျောင်းသွားရဖူးလို့လဲ”

မောင်ချစ်က (ငြိမ်သက်လျှက်) ကျောင်းသွားခါနီး မိခင်ဖြစ်သူမှ မုန့်ဖိုးတပြား ပေးသည်ကို မြင်ယောင်စေ။


အခန်း (၇)

ပါဝင်သူများ ။…။ မောင်ချစ်၊ အကိုသစ်
နေရာ ။…။ မောင်ချစ်အိမ် ညောင်ရေအိုးစင်အနီး
အချိန် ။...။ ညနေစောင်း

ကင်မရာကို ညောင်ရေအိုးစင်ပါအောင် မောင်ချစ်နှင့် မောင်သစ်တို့ထံသို့ ချိန်ထားရန်

ညောင်ရေအိုးစင် နံဘေးမှာ ပစ်ထားသော ကျောက်သင်ပုန်းကွဲများကို လက်ညှိုးညွှန်၍ ပြောစေ

မောင်ချစ် ။…။ “အကိုသစ်၊ ဒီကျောက်သင်ပုန်းကွဲတွေကို ဘာလုပ်အုံးမှာလဲ”

မောင်သစ် ။…။ “ကွဲနေမှတော့ ဘာရယ် လုပ်လို့ရတော့မှာတုန်းကွ”

မောင်ချစ် ။…။ “ဒါဆိုရင် ကျုပ်ကို အပိုင်ပေးနော်”

မောင်သစ် ။…။ “အေး ယူလေ။ နို့ မင်းက အဲ့ဒါတွေ ဘာလုပ်မယ်မို့လို့တုန်း”

အကို၏ အမေးကို မဖြေအားဘဲ မောင်ချစ်က ကျောက်သင်ပုန်းကွဲများကို ယူကာ ပြေးထွက်သွားစေ။


အခန်း (၈)

ပါဝင်သူများ ။...။ မောင်ချစ်
နေရာ ။...။ ရေတွင်းနံဘေး ကျောက်ဖျာပေါ်
အချိန် ။...။ နေ့ခင်း၊ ညနေ၊ ညချမ်း

ကင်မရာကို ကျောက်တံတိုက်နေသော မောင်ချစ်ဆီသို့ ဦးတည်ထားရန်

မောင်ချစ်က ချွန်ထက်နေသော ဖဲထီးသံချောင်းဖြင့် ကျောက်တံ တိုက်နေစေ။ မောင်ချစ် အလုပ်လုပ်နေသည်ကို ရိုက်နေစဉ် တဖြည်းဖြည်း မိုးချုပ်၍ မှောင်သွားစေ။

ညအချိန်ရိုက်ပြသော မြင်ကွင်း၌ မှိုင်းတလူလူ ထွက်နေသော ဆီမီးခွက်ကြီးကို ထွန်းညှိထားစေ။ ကျောက်တံတိုက်ရင်း မောင်ချစ်က မကြာခဏ နဖူးမှချွေးကို သပ်နေစေ။

ကောင်းကင်ပြင်တွင် တခြမ်းမျှသာ သာနေသော လမင်းကို ရိုက်ပြရန်။

လမင်းကို ငေးကြည့်နေစဉ် တိမ်တိုက် မည်းမည်း တခုက လမင်းပေါ်သို့ ဖုံးအုပ်သွားစေ။

ပိန်းပိတ်အောင် မှောင်သွားချိန်ဝယ် နောက်တခန်းသို့ ပြောင်းရန်။


အခန်း (၉)

ပါဝင်သူများ ။...။ မောင်ချစ်၊ ကျောင်းသားကြီး ဖိုးတေး
နေရာ ။...။ ထန်းတောစပ်
အချိန် ။...။ ညနေစောင်း နေဝင်ရီတရော

ကင်မရာက ထန်းပင်များနှင့် ထန်းတဲကို နောက်ခံထား၍ မောင်ချစ်နှင့် ဖိုးတေးတို့ထံသို့ ချိန်ထားရန်။ မောင်ချစ်ရော ဖိုးတေးတို့ နှစ်ယောက်စလုံးက ကင်မရာဘက်သို့ မျက်နှာမူကာ မတ်တပ်ရပ်လျှက် ရှိနေစေရမည်။

မောင်ချစ်က ဖိုးတေးကို သူယူလာသော ကျောက်တံများ ပေးလိုက်စေ။ ဖိုးတေးမောင်ချစ်ကို အကြွေစေ့အနည်းငယ် ပြန်ပေးစေ။ မောင်ချစ်မျက်နှာ ကွက်ကနဲ ပျက်သွားစေ။

ဖိုးတေးနှင့် မောင်ချစ်တို့ အခြေအတင် ပြောနေစေ (အသံတိတ်)။ မောင်ချစ်က သူ၏ လက်များကို ကျောက်တံတိုက်သည့် အသွင် သရုပ်ပြစေ။ ကောင်းကင်ကို လက်ညှိုးထိုးပြစေ။ ထို့နောက် မောင်ချစ်က တောင်းပန်ရိုကျိုးစွာ ဖိုးတေးဘက်လှည့်၍ လက်အုပ်ချီစေ။

ဖိုးတေးက ခေါင်းကိုသာ တွင်တွင်ခါနေစေ။

မောင်ချစ် ရရှိထားသော အကြွေစေ့များကို လက်ဖြန့်ကြည့်ရင်း ခေါင်းငိုက်စိုက်ချကာ ဖိုးတေးအနီးမှ ထွက်ခွာလာစေ။


အခန်း (၁၀)

ပါဝင်သူများ ။...။ မောင်ချစ်
နေရာ ။...။ မောင်ချစ်တို့အိမ်။ မောင်ချစ်အိပ်ရာ ကုတင်ဘေး
အချိန် ။...။ ညလူခြေတိတ်ချိန်


မောင်ချစ်၏ ကုတင်ကို မီးရောင်မှိန်မှိန်အောက်တွင် ချိန်ထားရန်

မောင်ချစ်က ခြေထောက်ကို ဖွဖွနင်း၍ ကင်မရာရှေ့သို့ ဝင်လာကာ ကုတင်ဘေးသို့ သွားစေ။ လက်တဖက်တွင် ရေနံဆီမီးခွက်ကို ကိုင်၍ ကျန်လက်တဘက်တွင်လည်း ဝါးကျည်ထောက် တချောင်းကို ကိုင်လာစေ။ ကုတင်ဆီရောက်သော် ဆီမီးခွက်ကို ဘေးသို့ချထားစေ။

ဘေးဘီဝဲယာကို ကြည့်ကာ ကုတင်ပေါ်မှ သင်ဖြူးဖျာကို လှန်ကြည့်စေ။ ဖျာအောက်တွင် ရှိနေသော အကြွေစေ့များကို ဝမ်းသာအားရယူ၍ ရေကြည့်စေ။ ထို့နောက် ကြည်နူးရွှင်ပြစွာဖြင့် ကျည်ထောက်ထဲသို့ တစေ့ချင်း ထည့်စေ။

ကြေးပြား အရေအတွက်ကို ဝါးကျည်ထောက် ကျောဘက်တွင် သံချောင်းဖြင့် ခြစ်၍ မှတ်သားလိုက်စေ။

ဝါးကျည်ထောက်ပေါ်မှ အမှတ်အသားကို ရေနံဆီမီးရောင် မှိန်မှိန်အောက်တွင် အနီးကပ် ရိုက်ပြရန်။ စုစုပေါင်း သံခြစ်ရာ အမှတ်အသား ၁၄ ခု ရှိနေစေရမည်။


အခန်း (၁၁)

ပါဝင်သူများ ။...။ မောင်ချစ်
နေရာ ။...။ မောင်ချစ် ကုတင်ဘေး
အချိန် ။...။ နေ့အလင်းရောင်

ကုတင်ဘေး ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေသော မောင်ချစ်ထံသို့ ကင်မရာကို ချိန်ထားရန်။
ကုတင်အောက်တွင် ထန်းရွက်ဖာချောကလေး တလုံးရှိနေစေရမည်။ မောင်ချစ်နံဘေးတွင် ကောက်ရိုးကို လုံးကျစ်ထားသည့် အရုပ်တခု ရှိနေစေရမည်။

မောင်ချစ်က ဖာကလေးကို ဆွဲယူလိုက်စေ။ ဖာတောင်းကလေးကို အသာဖွင့်ကြည့်လိုက်သောအခါ အထဲ၌ ပိုးသားရောင် အဝတ်စ နုနုလေးခင်းကျင်းထားပြီး ပန်းပွင့်ရွက်ခြောက်များ ဖြန့်ကျဲထားစေ။

မောင်ချစ်က ကောက်ရိုးထုံးကလေးကို အသာယူပြီး ပန်းခင်းကလေးပေါ်သို့ နူးညံ့စွာ တင်လိုက်စေ။

ကင်မရာက ဖာတောင်းထဲမှ ကောက်ရိုးထုံးကို အနီးကပ် ရိုက်ယူရန်။ ဖာတောင်းထဲတွင် ကောက်ရိုးထုံးကို တလှည့် (မောင်ချစ်၏ စိတ်ကူးအဖြစ်) ဆင်စွယ်ယမင်းရုပ်ကို တလှည့် ရိုက်ပြရန်။

အတွေးနှင့် ရွှင်မြူးနေသော မောင်ချစ်မျက်နှာကို အဆုံးသတ် ရိုက်ပြရန်။



အခန်း (၁၂)

ပါဝင်သူများ ။...။ မောင်ချစ်၊ ကျောင်းသားလေးများ၊ ဒေါ်ခါဥနှင့် အခြား ဈေးသည်များ
နေရာ ။...။ ဘုန်းကြီးကျောင်းဝန်းရှေ့ ဈေးရောင်းရာနေရာ
အချိန် ။...။ မွန်းတည့်ချိန်


ကျောင်းသားတယောက်က ဒေါ်ခါဥထံတွင် ကောက်ညှင်းပေါင်း ဝယ်နေသည်ကို ရိုက်ပြရန်။ ကောက်ညှင်းပေါင်းတောင်းကို ဖွင့်လိုက်စဉ်တွင် တောင်းထဲမှ အငွေ့များက ထောင်းကနဲ တက်လာစေရမည်။

ထွက်လာသော အငွေ့များကို မြင်ပြီး အဝေးတနေရာမှ ချောင်းကြည့်နေသော မောင်ချစ် တံတွေးတချက် မြိုချစေ။ ဒေါ်ခါဥက ကောက်ညှင်းပေါင်းကို မျှော်နေသော မောင်ချစ်ကို မြင်သွားပြီး သနားသွားကာ သူ့ထံလာဖို့ ခေါ်စေ။ မောင်ချစ်က ခေါင်းကို ခါရမ်း၍ နေရာမှ ထွက်ပြေးသွားစေ။


အခန်း (၁၃)

ပါဝင်သူများ ။...။ မောင်ချစ်၊ ကျောင်းသားလေးများ
နေရာ ။...။ ဘုန်းကြီးကျောင်းဝန်းနှင့် အနီးတဝိုက်
အချိန် ။...။ မွန်းတည့်ချိန်

ကင်မရာကို ကစားနေသော ကလေးများထံသို့ ချိန်ရန်။

ကလေးများက ဖန်ဂေါ်လီများဖြင့် ပျော်ရွှင်စွာ ကစားနေကြစေ။ ကျောင်းသားတယောက် ပစ်လိုက်သော ဂေါ်လီက မြေပြင်တွင် ငြှိုးငယ်စွာဖြင့် အရုပ်ရေးနေသော မောင်ချစ်အနီးသို့ လိမ့်သွားစေ။ မောင်ချစ်က လိမ့်လာသော ဖန်ဂေါ်လီလေးကို ပြေးကောက်ကာ ကစားနေသော ကလေးများရှိရာသို့ ပစ်ပေးလိုက်စေ။

ကလေးများက မောင်ချစ်ပစ်ပေးလိုက်သော ဂေါ်လီကိုယူရင်း လက်လှမ်းပြစေ။ မောင်ချစ်က နေရာတွင် ပြန်ထိုင်၍ ကလေးများကို ငေးကြည့်နေစေ။


အခန်း (၁၄)

ပါဝင်သူများ ။...။ မောင်ချစ်၊ စာချဘုန်းကြီး၊ ကိုရင်ကြီး၊ ကျောင်းသားလေးများ
နေရာ ။...။ ဘုန်းကြီးကျောင်း စာသင်ဆောင်ဇရပ်

အချိန် ။...။ ညနေစောင်း

ကင်မရာက ဘုရားရှိခိုးနေသည့် ကျောင်းသားကလေးများ၏ နောက်ကျောဘက်မှနေ၍ စာသင်ဆောင် တဆောင်လုံးကို ချိန်ထားရန်။

မောင်ချစ်က ကျောင်းသားများအားလုံး၏ နောက်ဆုံးမှ နေရာယူ၍ ကနာမငြိမ် ဖြစ်နေစေ။ ကျောင်းလွှတ်ခေါင်းလောင်း ထိုးသံကြားလျှင် ဘုရားစာ ဆိုနေရင်းမှ ပို၍ လှုပ်ရွလာစေ။ ဘုရားရှိခိုး ဆုံးခါနီး "အာမ..." ဟု ဆိုမိလျှင်ပင်... "ဘန္တေ" ကို မစောင့်တော့ဘဲ ထပြေးစေ။

မောင်ချစ် ပြေးထွက်သွားသည်ကို အမီလိုက်ရိုက်ရန်

ပြေးထွက်သွားသော မောင်ချစ်နှင့် အစောင့် ကိုရင်ကြီးတို့ ထိပ်တိုက်တိုးစေ။ ကိုရင်ကြီးက မောင်ချစ်ကို မျက်စောင်းတချက်ခဲပြီး ငယ်ထိပ်ကို ဂေါင်ကနဲ မြည်အောင် ခေါက်လိုက်စေ။
မောင်ချစ်မျက်နှာ ပုကနဲဖြစ်သွားကာ ပြုံးဖြီးဖြီးနှင့် ထွက်ပြေးသွားစေ။


အခန်း (၁၅)

ပါဝင်သူများ ။...။ မောင်ချစ်
နေရာ ။...။ ရွာလယ်လမ်းမနှင့် ဦးအောင်၏ တဲရှေ့
အချိန် ။...။ ညနေကျောင်းဆင်းချိန်

ကင်မရာက ရွာလယ်လမ်းမကြီးဆီသို့ ချိန်ထားရန်။

မြင်ကွင်းထဲသို့ မောင်ချစ် ဟပ်ထိုးလဲကာ ဝင်ရောက်လာစေ။ မျက်နှာမှာလည်း ရှုံ့မဲ့နေစေ။

ကင်မရာကို နောက်သို့ ဆွဲယူ၍ မောင်ချစ်တကိုယ်လုံးကို ပေါ်အောင် ရိုက်ရန်။

မောင်ချစ်က မှောက်ရက်လဲနေရာ အနေအထားမှ ကုန်းရုန်းပြီးထစေ။ ဆက်ပြေးမည်အပြု ခြေဖျားဆီမှ ကျင်ကနဲဖြစ်၍ အောက်သို့ ငုံ့ကြည့်လိုက်စဉ်ဝယ် သွေးထွက်နေသော ခြေမကို မြင်စေ။
ချက်ချင်းပင် စိတ်ကိုတင်းကာ ဆက်ပြေးရင်း ဦးအောင်၏ တဲရှေ့သို့ ရောက်လာစေ။ ခြံဝင်းထဲသို့ အတင်းတိုးဝင်ရင်း တနေရာအရောက်တွင် ခြေလှမ်းများ တုံ့ကနဲ ရပ်သွားစေ။


အခန်း (၁၆)

ပါဝင်သူများ ။...။ ဦးအောင်၊ ဝန်ထောက်မင်း
နေရာ ။...။ ဦးအောင်၏ ကနဖျင်းတဲ
အချိန် ။...။ ညနေစောင်း

ကင်မရာက ဦးအောင်၏ ကနဖျင်းတဲအောက် ကွပ်ပျစ်သို့ ချိန်ထားရန်

ဝန်ထောက်မင်းဆိုသူက ကွပ်ပျစ်ပေါ်တွင် အခန့်သားထိုင်နေစေ။ ခေါင်းပေါ်တွင် ဖော့ဦးထုပ်ကို ဆောင်းကာ ဘောင်ဘီတိုအပြာရောင်ကို ဝတ်ဆင်ထားစေ။ လက်ထဲတွင်တော့ ဦးအောင်ထုလုပ်ထားသည့် မင်းသမီးရုပ်ကလေး ရှိနေစေ။ ဝန်ထောက်မင်းက ထိုအရုပ်ကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်နေစေ။

ဝန်ထောက်မင်း ။...။ (အသာစီးမှာ ရှိနေသည့် လေသံဖြင့် ပြောစေ) "ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့ အဖိုးနဲ့ ပေးလိုက်မယ် မဟုတ်လား။ ခင်ဗျားတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့ တန်တဲ့ အိမ်တအိမ်မှ မရှိပါဘူး။ ဝယ်နိုင်မဲ့ လူလည်း ရှိမှာ မဟုတ်ပါဘူးလေ"

ဦးအောင် ။...။ (အလွန် ရိုကျိုးစွာ ပြန်ဖြေစေ) "မှန်ပါ၊ ဝန်ထောက်မင်းတို့ ဆိုရင် အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမယ့် အချော့သပ် အမွမ်းတင်ဖို့ လေးငါးရက်လောက် ဆိုင်းစေ့ချင်ပါတယ်။ ပြီးလျှင် ပြီးချင်း ဝန်ထောက်မင်းတို့ထံကို ကျုပ်ကိုယ်တိုင် လာပို့ပေးပါ့မယ်"


အခန်း (၁၇)

ပါဝင်သူများ ။...။ မောင်ချစ်၊ ဦးအောင်၊ ဝန်ထောက်မင်း
နေရာ ။...။ ဦးအောင်၏ခြံဝင်း
အချိန် ။...။ ညနေစောင်း

ကင်မရာကို နေရာမှာတင် ငြိမ်သက်စွာ ရပ်နေသော မောင်ချစ်ထံသို့ ချိန်ထားရန်

ဦးအောင်၏ စကားအဆုံးတွင် မောင်ချစ်၏ မျက်နှာပေါ်၌ နာကျည်းမှုနှင့် ဝမ်းနည်းမှုတို့ ထင်ရှားစွာ ပေါ်လွင်စေ။ အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း မျက်ဝန်းမှ မျက်ရည်ကြည်တို့ စို့တက်လာစေ။

(နေရာမှာရပ်နေစဉ် မောင်ချစ်စိတ်ကူးယဉ်ခန်း ။...။ ဘာမပြောညာမပြော နှင့် ဝန်ထောက်မင်းရှိရာသို့ မောင်ချစ် ပြေးဝင်သွားပြီး ဆင်စွယ်ရုပ်ကလေးကို လုယူကာ ထွက်ပြေးစေ)

ကြည့်နေရင်းက ဝန်ထောက်မင်း၏ ခါးကြားမှ သေနပ်ကို မြင်လျှင် မောင်ချစ်မှာ တချက်တွန့်သွားစေ။ ဝဲလာသော မျက်ရည်ကို အနိုင်နိုင်ထိန်းပြီး မိမိဘက်သို့ ကျောခိုင်းထားသော ဆင်စွယ်ဒေဝီလေးအား နောက်ဆုံးတချက် ကြည့်လျှက် လှည့်ထွက်လာစေ။


အခန်း (၁၈)

ပါဝင်သူများ ။...။ မောင်ချစ်၊ မောင်ချစ်မိခင်၊ မောင်ချစ်ဖခင် ဦးဖိုးငွေ၊ ဦးအောင်နှင့် မိန်းမကြီးတစု
နေရာ ။...။ မောင်ချစ်တို့အိမ်
အချိန် ။...။ နေ့အလင်းရောင်

ကင်မရာကို မောင်ချစ်တို့ခြံဝသို့ ချိန်ထားရန်။ ဦးအောင်နှင့် မိန်းမကြီးတစုတို့သည် ခေါင်းပေါ်တွင် တဘက်ကိုယ်စီတင်ကာ မောင်ချစ်တို့ ခြံဝန်းထဲသို့ ဝင်သွားသည်ကို ရိုက်ယူရန်။ (အဝေးမှ ဖြစ်သဖြင့် ဦးအောင်၏ ရုပ်လုံးကို မသဲမကွဲသာ မြင်စေရမည်)

ထို့နောက် မောင်ချစ်တို့ အိမ်အဝင်ဝသို့ ကင်မရာကို ပြောင်းချိန်ရန်။ ကင်မရာကိုချိန်ရင်း အိမ်ရှေ့ ခွေးကတက်မတဆင့် အိမ်ထဲသို့ ဝင်သွားရန်။

အိမ်ထဲသို့ ဝင်လျှင်ဝင်ချင်း မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မောင်ချစ်မိခင်သည် ကင်မရာမင်း၏ ခြေအောက်သို့ ဝပ်ဆင်းစေ။

ဦအောင်၏ ခြေသလုံးကို သိုင်းဖက်ထားသော မောင်ချစ်၏ မိခင်ထံသို့ ကင်မရာကို ချိန်ထားရန်။

မောင်ချစ်မိခင်က ဝမ်းပမ်းတနည်းဖြင့် အော်ဟစ်ပြောဆို ငိုကြွေးမြည်တမ်းစေ...

မောင်ချစ်မိခင် ။...။ "အမယ်လေး ကိုရင်အောင်ရဲ့၊ မောင်ချစ်ဖြစ်ပုံတွေ မြင်ဝံ့သေးရဲ့လားရှင့်။ မောင်ချစ်ရေ... အမေ့သားကြီးရဲ့၊ အမေလိုက်ခဲ့မယ်ကွဲ နော်... ဟီးးးး"

ကင်မရာကို အလောင်းကောင်အဖြစ် လှဲလျောင်းနေသော မောင်ချစ်ထံသို့ ဆွဲ၍ ရိုက်ယူရန်။ မောင်ချစ်အလောင်းနားတွင် မောင်ချစ်၏ဖခင်သည် မလှုပ်မယှက် ငြိမ်သက်လျှက် ထိုင်နေစေရမည်။

ဦးအောင် ။...။ "ဘယ့်နှယ် ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့၊ ကိုရင်လည်း မြို့တက်သွားတာ ၁၄ ရက် ၅ ရက်လောက် ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခုပြန်ရောက်ရောက်ချင်းပဲ အိမ်တောင်မှ မထိုင်ခဲ့ဘဲ ပြေးလာခဲ့တာပဲကွဲ့"

ဦးဖိုးငွေ ။...။ (ညှိုးငယ်စွာဖြင့် ပြောစေ) "ကိုရင်ရယ်၊ ဘာရောဂါရယ်လို့လည်း မပြောတတ်ပါဘူး။ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား ဟင်းမစား တခါတလေ သူ့အမေကျွေးလို့ ဆံပြုတ်လေး တဇွန်းလောက် ဝင်သွားပေမဲ့ ချက်ချင်း ပြန်အန်ပစ်တာပဲ။ ပယောဂဆိုလို့ ဆရာသြ ခေါ်ပြတာလည်း ဘာမှ မထူးခြားပါဘူး။ ကလေးကို ညှင်းဆဲသလို ဖြစ်နေတာပဲ။ မေးလို့လည်း မပြောဘူး။ မနေ့ညကတော့ သူ့အမေကို ခေါ်ပြီး သူစုထားတဲ့ ပိုက်ဆံ ငါးမူး နှစ်ပြားကို သူ့ဆရာတော်အား လှူလိုက်ပါလို့ မှာပြီး ကိုရင်အောင့်ကို မေးတာပဲ။ မြို့သွားတယ်လို့ ပြောတော့ အတန်ကြာကြာ ဘာမှ မပြောဘဲ မောနေပြီး 'ဘကြီးအောင် ညာတယ်' လို့ မပီတပီ ပြောရင်း အသက်ပျောက်သွားတာပဲ"

ဦးဖိုးငွေမှာ ပြောရင်း မျက်ရည်များကျလာခါ တဟီးဟီ ချုံးပွဲချ ငိုစေ။ ကျဆင်းလာသော မျက်ရည်များကို လုံချည်စဖြင့် ဆွဲ၍ သုတ်စေ။

ကင်မရာမှ ဦးအောင်ကို ရိုက်ပြရန်

ဦးအောင်က တချက် စဉ်းစားဟန်ပြစေ။ သူပန်းပုရုပ်ကလေး ထုလုပ်နေစဉ် ငေးကြည့်နေသော မောင်ချစ်နှင့် သူလက်ဆယ်ချောင်းထောင်ကာ ရှင်းပြခဲ့ပုံတို့ကို နောက်ကြောင်းပြန်အဖြစ် ပြစေ။ ထို့နောက် တမဟုတ်ချင်း မျက်နှာ ညှိုးကျသွားစေ။


အခန်း (၁၉)

ပါဝင်သူများ ။...။ လူရွယ်တဦးနှင့် အဖိုးအိုတဦး
နေရာ ။...။ မောင်ချစ်တို့ရွာ သင်္ချိုင်း
အချိန် ။...။ နေ့အလင်းရောင်

ကင်မရာကို နွားစာကျက် မြက်ခင်း မှတဆင့် trolley ဖြင့် သင်္ချိုင်းရှိရာသို့ ဆွဲယူ၍ ရိုက်ရန်။ သင်္ချိုင်းမြေ အုတ်ဂူများကြားတွင် လမ်းလျှောက်နေသော လူနှစ်ဦးကို တွေ့လျှင် ထိုသူများထံသို့ zoom ဆွဲ၍ အနီးကပ် ရိုက်ယူရန်။

အဖိုးအို ။...။ "အချစ်ဂူလို့လည်း ခေါ်တယ်။ မောင်ချစ်ဂူလို့လည်း ခေါ်ကြတယ်ကွဲ့။ ဘယ်ဟာ အမှန်ရယ်တော့ အဘလည်း မပြောနိုင်တော့ဘူး"

ထိုလူနှစ်ဦးက စကားတပြောပြောနှင့် လျှောက်လာရင်း ဂူကလေး တလုံးရှေ့သို့ ရောက်သော် ရပ်တန့်သွားစေ။ ဂူကလေးကို လှည့်ပတ် ကြည့်ကြရင်း အရှေ့မျက်နှာ လှိုဏ်ခေါင်းပေါက် ကလေးထဲတွင် ကျိုးပဲ့ပျက်စီးနေသော မင်းသမီးရုပ်၏ အစအနများကို ယူကိုင်ကြည့်ကြစေ။

အဖိုးအို ။...။ "ဒါဟာ တောထွက် ဦးပုဇဉ်းကြီး ဦးကုန္နရဲ့ လက်ရာလေ။ ဦးပုဇဉ်းကြီးကတော့ အခုမရှိတော့ပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပဲ ပျံတော်မူသွားတယ်"

လူရွယ်က အဖိုးအိုပြောသမျှ ခေါင်းကိုသာ တွင်တွင်ညိမ့်နေစေ။

ဤတွင် ဇာတ်သိမ်းရန်...

............................................................

မတောက်တခေါက် လက်တည့်စမ်းထားခြင်းမို့ ပက်ပက်စက်စက် ဝေဖန်နိုင်ပါတယ် ခင်များးးးး

အားလုံးကိုခင်တဲ့
ကိုလူထွေး

17.10.09

မြိုင်မြိုင်ဆိုင်ဆိုင် ဘလော့တန်ဆောင်တိုင်


(ဘလော့လောကမှ သွေးမတော်သားမစပ် မောင်နှမများ အချင်းချင်း ချစ်ခင်စည်းလုံးမှု ရှိစေရန်အတွက် ဤပိုစ့်ကိုရေးပါသည်)

ဝါကျွတ်ပြီးကတည်းက သာယာကုန်းရွာသူရွာသားများ အထူးပင် ပျော်ရွှင်မြူးတူး နေကြသည်။ ကျောင်းဆရာလေး ကိုYTU ၏ ကျေးဇူးကြောင့် ဒီနှစ် တန်ဆောင်တိုင်ပွဲကို အရင့်အရင် နှစ်တွေကနှင့်မတူ တမူထူးခြားစွာ ကျင်းပခွင့် ရပေတော့မည်။

ဆရာလေး၏ ကျေးဇူးတွေက သူတို့ရွာမှာမနည်း။ သာယာကုန်း ရွာသူတဦးနှင့် အကြောင်းပါ ခဲ့ပြီးကတည်းက ရွာသို့ ဆံထုံးနောက် သျှောင်ပါခဲ့ရသော ကိုYTU သည် ဤရွာတွင် “ရွာသားလေး” ဟုလည်း လူသိများလေ၏။

ထိုအချိန်ကတည်းက ရွာမှ လစ်လပ်နေသော ကျောင်းဆရာ ရာထူးကို ထမ်းယူကာ နာသုံးနာကို စိတ်မှာမှန်း၍ မူလတန်းကျောင်းသား များစွာကို ရင်နှင့်ရင်းလျက် မွေးထုတ်ပေးခဲ့ လေတော့သည်။

… … …

မွေးလူနာတိုင်းကို တာဝန်ခံ မွေးဖွားပေးသူကား အခြားသူမဟုတ်။ အရပ်လက်သည် ဒေါ်အယ်ဇီပင် ဖြစ်ပေသည်။ ဒီရွာမှာနေ ဒီရေကိုသောက်နေကြသော သာယာကုန်း ရွာသူရွာသားများ ထဲတွင် ဒေါ်အယ်ဇီ၏ လက်ကလွတ်သူ ရှားလွန်းလှသည်။

သူကြီးသမီး ငယ်ထွေးကိုလည်း ဒေါ်အယ်ဇီမွေးပေးသည်။ လယ်သူမ မိတုတ်ကိုလည်း သူပဲမွေးပေးသည်။ သူဌေးသမီးလေး မိဖြူကိုလည်း သူမွေးပေးသည်။ နွားနို့သည်မ မိဗျိုင်းကိုလည်း သူပဲမွေးပေးခဲ့သည်။ ကုန်ကုန်ပြောရလျှင် ရွာသို့ ဂမ္ဘီရဆန်စွာ ရောက်လာခဲ့သည့် ရန်ကုန်သူလေး ဆတ်စလူးပြားတုပ် ကိုလည်း သူကပဲ မွေးပေးခဲ့ရဖူးသည်။

ခိုးရာလိုက်ကြပြေးကြသော စုံတွဲအတော်များများကလည်း ဒေါ်အယ်ဇီကို အားကိုးကြရှာသည်။ သူက သူကြီးအိမ်သို့ပင် လိုက်၍ ဖျန်ဖြေပေးတတ် သေးသည်မဟုတ်လား။ “အချိန်တန် အရွယ်ရောက်လို့ လင်ယူသားမွေးတာ ထုံးစံပါပဲတော်” …ဟူသည် သူ၏ လက်သုံးစကား။ မယူခင်ဖြစ်သွားသည့် ဟိုဟိုဒီဒီကိစ္စများနှင့် စာလျှင် တော်သေးသည်ဟုလည်း သူက အမြဲပြောလေ့ရှိသည်။

မည်မျှလုပ်ငန်း ကျွမ်းကျင်သည်ဟု ဆိုစေကာမူ ခွာမလိပ်ဖူးသော မြင်းကောင်းသည် မရှိစကောင်း။ ဒေါ်အယ်ဇီခွာလိပ်တိုင်း စိတ်ညစ်ရသူကတော့ ကျေးရွာဆေးပေးခန်းမှ သူနာပြုဆရာမလေး ကိကီ ဖြစ်သည်။

တာဝန်ကျဆေးမှူးရယ် ဆရာဝန်ရယ်ဟု တိတိကျကျ မရှိသော ဤ ကျေးလက်ဆေးပေးခန်း ကလေးထဲတွင် သူနာပြုဆရာမလေး ကိကီသည် အမြဲတမ်းလို ပြားတုပ်ခံ နေရတတ်လေ၏။

လူနာတွေ အလွန်ကျလာတိုင်း သို့မဟုတ် သူဘာကိုမှဆက်၍ မလုပ်တတ်မကိုင်တတ် ဖြစ်တိုင်း ထိုင်ထိုင်ငိုသဖြင့်လည်း သူ၏မျက်ရည်များကို မြစ်ဖျားခံကာ ချောင်းတစင်း ပေါ်ပေါက်ခဲ့ရ လေတော့သည်။ ထိုချောင်းကလေးကို ယနေ့တိုင် “ကိငိုချောင်း” ဟု ဆိုစမှတ်ပြုကြဆဲ ဖြစ်၏။

… … …

ကိငိုချောင်း နှင့် အပြိုင်စီးဆင်းနေသည်က ရွာလယ်မှ ပေလမ်းမကြီး။ ယခုဆိုလျှင် ရွာလမ်းမကြီးမှာလည်း တဖြည်းဖြည်းနှင့် ချောင်းပေါက်တော့မည့် အခြေအနေသို့ ရောက်ရှိနေလေသည်။ အကြောင်းမှာ မြို့မှ မှောင်ခိုကုန်ကူးသည့် လူပျိုကလေး ကိုဖိုးစိန်က ရွာသို့ ကတီးကတီး ရောက်လာတတ်ခြင်းကြောင့် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ဖိုးစိန်လာတိုင်း ပျော်ရွှင်တတ်သူတို့မှာ ရွာမှ မိန်းမပျိုကလေးများ ပင်ဖြစ်သည်။ ဖိုးစိန်က ခေတ်ပေါ် အဝတ်အစားများကို ရောင်းကုန်အဖြစ် ယူလာတတ်သလို သူကြည်ဖြူသော လုံမငယ်များကို ဆိုလျှင် အလကားပင် ပေးပစ်တတ်လေသည်။

ဖိုးစိန်လာတိုင်း ဒိုင်ခံဝယ်ယူကြသော ဖောက်သည်များသည် များသောအားဖြင့် ချစ်သူရှိသော လုံမပျိုကလေးများ ဖြစ်ကြသည်။ သူတို့က ကြင်ယာလောင်းနှင့် တူနှစ်ကိုယ် ချိန်းတွေ့စဉ် ဝတ်ဆင်ရန် အဝတ်အစား အသစ်များကို ဝယ်ယူကြခြင်း ဖြစ်ပေသည်။

ခုတလော ဖိုးစိန်မှာ ဖောက်သည် အသစ်တယောက် တိုး၍နေလေ၏။ ၄င်းမှာ “ကန္တာရကဖီး” ပိုင်ရှင် မငုံပင် ဖြစ်ပေတော့သတတ်။ ဒီလိုဆိုတော့ အခြားဘက်မှာ ဖောက်သည်များ လျော့နည်းသွားရသော်လည်း ဖိုးစိန်အတွက် ‘ကာမိသည်’ ဟု ဆိုရပေလိမ့်မည်။

… … …

“ကန္တာရကဖီး” လက်ဘက်ရည်ဆိုင်နှင့် ယှဉ်ရက်ရှိနေသည်က မမိုးချိုသင်း၏ “မိုး” တက်တူးနှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်။ ဒီဆိုင်ကလေးက ရွာမှာ တမူထူးခြားနေသည့် ဆိုင်ကလေး ဖြစ်ရကား ရွာခံလူများ အထူးပင် နှစ်သက် မက်မောကြလေသည်။

မချိုသင်းရောင်းသည့် ဆိုင်မို့လည်း ရွာသားများက လိုလိုလားလားပင် အားပေးကြသည်။ ဆိုင်စဖွင့်ပြီး မကြာမီမှာပင် ပျိုပျိုအိုအို ကိုကိုမမတိုင်း၏ ရင်ဘတ်ပေါ်မှာ ဆွဲကြိုးတကုံးစီ ရောက်လို့လာကြလေသည်။

ဆွဲကြိုးများအပြင် လှည်းဘီးလောက်ကြီးသော နားဆွဲများ နားကွင်းများကလည်း ဒီရွာမှာ ပေါ်ပြူလာ ဖြစ်၍ လာလေတော့၏။ မည်မျှ ပေါ်ပြူလာဖြစ်သနည်းဟ ဆိုလျှင် ရွာမှ နွားများ ကျွဲများပင်လျှင် နားကွင်းများ၊ ဆွဲကြိုးများ၊ ခလောက်များဖြင့် ဝေဝေဆာဆာ ရှိနေသည်အထိ ဖြစ်ပေသည်။

ရွာသားများကလည်း ပုံသဏ္ဍာန်စုံ ဆေးမင်ကြောင်များထိုး၍ တဦးကိုတဦး မော်ကြွားလို့ နေသည်။ မင်ကြောင်အစစ်ကို အထိုးခံရမှာ ကြောက်ခဲ့သူများကလည်း ပေါင်အပြည့် ထိုးကွင်း အထိုးခံသည့်အတွက် ကိုကျော်ဝဏ္ဏကြီးမှာ လက်မလည်နိုင်အောင် ရှိနေလေသည်။

စိတ်ထားဖြူ ရုပ်ချောသည့် ကိုကျော်ဝဏ္ဏကို သဘောကျနေကြသော လည်သူမအချို့က ဗိုက်တို့ ခါးတို့တွင် တက်တူးထိုးခိုင်းမည် ဟူသော ရည်ရွယ်ချက်ဖြင့် ရောက်လာကြသော်လည်း မချိုသင်းက သူကိုယ်တိုင်ထိုးမည်ဟု ဆိုကာ ကိကီထံမှ အကြောဆေးထိုးသည့် အပ်တုပ်တုပ်ကြီးကို ကိုင်၍ စောင့်နေသဖြင့် လည်သူမများ အားလုံး ထွက်ပြေးကုန် ကြတော့သည်။

ဝက်သားရောင်းသည့် ဂျူလိုင်ဒွင်း ဆိုလျှင် သူ့ဝက်များ၏ ပေါ်မည့်ရက်စွဲကို ဂုတ်ပိုးမှာ မှင်ကြောင်ထိုးပေးရန် လာအပ်သဖြင့် လင်မယားနှစ်ယောက်လုံးက “အကုသိုလ်အလုပ် အားမပေး” ဟုဆိုကာ ငြင်းလွှတ်လိုက်ကြရသည်။

… … …

ကိုဂျူလိုင်ဒွင်းက မိရိုးဖလာအလုပ်မို့ ဒီအလုပ်ကို ဆက်လုပ်နေရသော်လည်း သူတကယ် စိတ်ဝင်စားသည်က ဘီယာဆိုင် လုပ်ငန်းဖြစ်သည်။ မြို့သို့လိုက်သွားစဉ် ဖိုးစိန်တိုက်သည့် စည်ဘီယာကို သောက်မိပြီးကတည်းက သူလည်း ရွာမှာ စည်ဘီယာဆိုင်တဆိုင် ဖွင့်ရန် စိတ်အားထက်သန် နေခဲ့တော့သည်။ ဒီအကြံကို တနေ့တော့ အကောင်အထည် ဖော်ဦးမည်ဟု စိတ်မှာခဲထားလေသည်။

ထို့ကြောင့်လည်း ဂျူလိုင်ဒွင်းက ယခုကတည်းက စခန်းမှူးလေး မြစ်ကျိုးအင်း နှင့် သင့်မြတ်အောင် ပေါင်းသင်းနေခြင်း ဖြစ်လေသည်။ တပတ်တခါ ရွာသို့ ကင်းလှည့်လာတိုင်း မြစ်ကျိုးအင်းက ကိုဂျူလိုင်၏ အိမ်မှာ စည်းစိမ်ယူ ဇိမ်ကျနေကျ။ စီးပွားရေးအတွက်မို့သာ မြစ်ကျိုးအင်းကို လက်သိပ်ထိုး ပေါင်းဖက်နေရသော်လည်း ဂျူလိုင်က သူ့ညီမလေးဖြစ်သည့် ဝက်ဝံလေး ကိုတော့ ဘယ်ငနဲသားနှင့်မှ သဘောမတူ။

ဝက်ဝံလေး ကတော့ ချက်ထားသည့် ဝက်သားဟင်းကို တအိုးလုံးပြောင်အောင် ခိုးစားတတ်သည်ကလွဲ၍ အခြားစိတ်ဝင်စားသောအရာ နည်းပါးလေသည်။ တကယ်တမ်း သူသည် အစားအသောက်မှန်လျှင် နှစ်သက်မိသည်ချည်း ဖြစ်သည်။

အကိုလုပ်သူက “ညည်း တီနေ့ကျရင် အဲ့လီ အီစား တီလုပ်ကြောင့် လုက္ခရောက်မယ်” ဟု ပြောသော်လည်း ဝက်ဝံလေးက “ညီမ ရေခဲမုန့်စားချင်သေးတယ်” ဟု ပြောင်ချော်ချော် ပြန်လုပ်ပြတတ်လေသည်။

ဝက်ဝံလေး အထူးနှစ်သက်သော အစားအစာများထဲတွင် ဂျိမ်းဖောသူလေးများ ဖြစ်ကြသော မိုးကောင်းသူနှင့် မြူးသျှရီတို့ ရောင်းသည့် အကြော်စုံနှင့် ကောက်ညှင်းပေါင်းတို့လည်း ပါသည်။

ဂျိမ်းဖောသူတွေက ဗမာစကားကို ကြိုးစားသင်ယူကြသော်လည်း အခက်အခဲ အနည်းငယ်တော့ ရှိနေသေး၏။ မြူးသျှရီက ဗမာစကားပုံတခုကို အဓိပ္ပာယ်ကောက်လွဲကာ ဆန်ကြမ်းများဝယ်၍ ကောက်ညှင်းပေါင်းမိရာမှ ရောင်းအားကျသွား ခဲ့ဖူးလေသည်။ သူအမှတ်မှားခဲ့သော စကားပုံမှာ “ကောက်ညှင်းကမစေး ဆန်ကြမ်းကစေး” ဟူ၍ ဖြစ်လေသည်။

… … …

စကားပုံများ စာပေများ ကဗျာများနှင့် မွေ့လျော်သူက အခြားသူမဟုတ်။ ကိုသာအောင်ကြီး၏ညီ ကိုသာအောင်ငယ် ပင်ဖြစ်၏။ ကိုသာအောင်ငယ်က ပရဆေးဆိုင်တဆိုင် ဖွင့်ထားသော်လည်း သူ့ဆိုင်မှာ အထူးရောင်းရသည်က အစွန်းချွတ်ဆေးများပင် ဖြစ်သည်။ အကြောင်းမှာ ညနေလူခြေ တိတ်ချိန်တိုင်းတွင် လှမ်းထားသော အဝတ်များပေါ်သို့ “စွန်းထင်းမှု” များ လိုက်လံ ပက်ဖျန်းပေးခြင်းကြောင့် ဖြစ်ပေသည်။

ကိုသာအောင်ငယ်နှင့် လိုက်လံ စွန်းထင်သူများထဲတွင် မကေသွယ် ပါသည်။ မမီးငယ် လည်း ပါသည်။ ခရေညို လည်းပါသည်။ အိန္ဒြာ လည်းပါသည်။ sdl လည်းပါသည်။ ကိုဖုန်းမြင့် ကလည်း ကန့်လန့်ကန့်လန့်နှင့် ပါသည်။ သူတို့က ကိုသာအောင်ငယ် ကဗျာများကိုသာမက သူ၏ မယ်ဒလင်သံကိုလည်း အထူးနှစ်ခြိုက်သူများ ဖြစ်လေသည်။

မှန်၏။ ကိုသာအောင်ငယ်က အလွန်ပင် မယ်ဒလင် အတီးကောင်း၏။ သူစတီးပြီဆိုလျှင် တရွာလုံးရှိ ကြက်များတွန်ကြသည်။ ခွေးများ သံပြိုင် အူကြသည်။ ကျွဲများ နွားများက “ဘွတ်အဲ…” ဟုဆိုကာ ကောင်းကြီးပေးကြသည်။ မြိုင်မြိုင်ဆိုင်ဆိုင် ရွှင်ရွှင်မြူးမြူးနှင့် ပျော်စရာကြီးပင် ဖြစ်သည်။

… … …

ကိုသာအောင်ငယ်အတွက် မယ်ဒလင်လက်ဆောင်ကို လူကြုံယူလာပေးသူက မြို့မှ “စပါးဝယ်” လာနေကျ မမကွမ်း။ မမKOM က မယ်ဒလင် ပေးလိုက်သည့် ‘ရွှေရတုမှတ်တမ်း’ စာအုပ်တိုက်ပိုင်ရှင် ကိုကျောက်ခဲနှင့် ကျောင်းနေဘက်တွေ။

ကိုကျောက်ခဲက သရဲ၊ တစ္ဆေ၊ နာနာဘာဝများအကြောင်း စာအုပ်ထုတ်ပြီး… တဖက်ကလည်း စိတ်ပုတီးလုပ်ငန်းနှင့် ဘုရားဆင်းတုတော် ထုလုပ်ခြင်း လုပ်ငန်းတို့ကို အကြီးအကျယ် လုပ်ကိုင်နေသူ တဦးဖြစ်သည်။ ဒီလိုဆိုတော့ လူတွေက သရဲကြောက်တိုင်း စိတ်ပုတီးချည်း ဖိဝယ်နေသဖြင့် ကိုကျောက်ခဲမှာ စိန်စီနေရလေပြီ။

မမကွမ်းက စပါးဝယ်သည့် ကုန်သည်ဆိုတော့ လယ်သမားတွေနှင့် အဆင်ပြေသည့် အခါလည်းရှိသည်။ တခါတခါ ဈေးညှိလို့မရ၍ ကတောက်ကဆ ဖြစ်ရသည့် အခါမျိုးလည်း ရှိတတ်သည်။ အရင်းစစ်ကြည့်တော့ မြို့မှ လာသူခြင်းအတူတူ သူ့အလုပ်က ဖိုးစိန်အလုပ်လောက်တော့ လူချစ်မခံရသည်မှာ သေချာနေလေသည်။

… … …

မြို့နှင့်ရွာကို ပေါင်းကူးပေးသည့် ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကို လုပ်ကိုင်သူက အိမ် ဟုခေါ်သော လူစင်စစ်။ အိမ်က နိုင်ငံခြားမှာ လိုင်စင်သွားဖြေသောအခါ “သေစေနိုင်လောက်သည့် ရောဂါ” မရှိမှ ဖြေခွင့်ရမည်ဆိုသဖြင့် ရွာပြန်ပြီး နွားလှည်းမောင်းနေခြင်း ဖြစ်သည်။

တနေ့ကတော့ ကျောင်းဆရာ ရွာသားလေးဝိုင်တီယူ ဦးဆောင်ပြီး အိမ်အပါအဝင် ရွာသားများအားလုံး ကျေးရွာလူကြီး ဦးလူထွေးစံမြန်းရာ သူကြီးအိမ်သို့ ချီတက်လာကြသည်။

သူကြီးလူထွေးက ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး သူ၏ လက်ဆွဲတော် နှစ်လုံးပြူးကြီးကို ပြေးယူလေသည်။ မဒ္ဒမ်ထွေးက အခြေအနေကို စိစစ်ပြီး အိနြေ္ဒရရနေရန် တချက်ဟန့်လိုက်မှ ဦးလူထွေးလည်း ရွာသားများကို အကျိုးအကြောင်း မေးမြန်းလေတော့သည်။

ဆရာလေး YTU ။…။ “… … … … … … အဲဒါ သူကြီးက ခွင့်ပြုပေးပါလို့ ကျနော် ရွာသားလေး ကပဲ အားလုံးကိုယ်စား တောင်ပန်ချင်ပါတယ် ခင်ဗျား”

သူကြီး လူထွေး ။…။ “ဖြစ်ပါ့မလား ဆရာလေးရာ။ မြို့ကတောင်မဟုတ်ဘဲ အခုဟာက နိုင်ငံခြားကနေတောင် လာကြမှာဆိုတော့ သူတို့ရဲ့ လုံခြုံရေးက ရှိသေးတယ်ဗျ။ ကျုပ်မှာကလည်း အရေးဆို နှစ်လုံးပြူး တလက်ပဲရှိတာ”

ရွာသားများကတော့ ဆရာလေးနဲ့ သူကြီးတို့ အခြေအတင်ပြောနေတာကို ငြိမ်ပြီးတော့ နားထောင်နေကြသည်။

ဆရာလေး ။…။ "ဒီလောက်လည်း မစိုးရိမ်ပါနဲ့ သူကြီးခင်မျာ့။ ကျနော်လည်း ရှိတာပဲ။ အရေးအကြောင်းဆိုရင် ရွာသားတွေကလည်း အားကိုးရပါတယ် ခင်မျ။"

သူကြီး ။…။ အင်းလေ ဆရာလေးက ဒီလောက်ထောက်ခံပေးနေမှတော့ ကျုပ် စဉ်းစားပါအုန်းမယ်လေ။ နို့… အဲဒီ ဘလော့်ကာဆိုလား ပလော့ကာဆိုလား သူတို့တွေကို ဘယ်သူက စည်းရုံးပြီး ခေါ်ပေးမှာတုန်း။

ဆရာလေး ။…။ ဒါကဒီလိုရှိပါတယ် သူကြီး။ ဒီရွာကို စပါးလာဝယ်နေကျ မခင်ဦးမေက ဘလော်ဂါ တော်တော်များများနဲ့ ရင်းနှီးပါတယ်။ သူက ဘလော်ဂါတွေ ရန်ကုန်ရောက်တဲ့အထိ တာဝန်ယူပြီး ရန်ကုန်ကနေ ရွာအထိတော့ ကိုဖိုးစိန်က လမ်းပြခေါ်လာပါလိမ့်မယ်။

သူကြီး ။…။ "သူတို့က ဒီရောက်တော့ ဘာအကြောင်းတွေ ပြောကြမှာတဲ့လဲ။ ကျုပ်တို့ ဥာဏ်မှီမှလည်း ဖြစ်မှာနော…။"

ဆရာလေး ။…။ "ဒါကတော့ မေးစမ်းကြည့်ရ ပါဦးမယ် သူကြီးမင်း ခင်မျာ့။"

သူကြီး ။…။ "ကောင်းပြီလေ။ ဒါဆိုလည်း ကျုပ် အထက်ကို ဆက်ပြီး တင်ပြလိုက်မယ် ဟုတ်ပြီလား…"

ရွာသူရွာသားများ ။…။ "ဟေးးးးးးးးးးးးးး"
(ပြိုင်တူ တခဲနက် အော်ဟစ်လိုက်ကြသည်)



(အထက်ပါ ပိုစ့်တွင် နာမည်များကို စေတနာပရပွဖြင့် အသုံးပြုခွင့်ပေးသော ဘလော့ဂါ မောင်နှမများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း…)


အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး