29.3.09

ဘဝသင်ခန်းစာ


ဖြစ်ပုံကဒီလိုပါ။

ဗာနီယာက သူ့ချစ်သူ ရိုဂျာရီးယို နဲ့ အခန်းတခန်းမှာ ချိန်းတွေ့ ဖို့  နောက်ဆုံး သဘောတူလိုက်တယ်။ ဒီကိစ္စက အတော်လေးကို လျှို့ လျှို့ဝှက်ဝှက်နဲ့  ဖုံးဖုံးဖိဖိ ဆောင်ရွက်နိုင်မှလဲ တော်ကာကျမယ်လေ။ သူအိမ်က ထွက်လာတာကိုလည်း ဘယ်သူမှ မြင်လို့ မဖြစ်ဘူး။

ဒီအကြောင်းတွေသာ သူ့ ယောက်ျားနားကို ပေါက်ကြားသွားလို့ ကတော့ … သူဆက်မတွေးဝံ့ဘူး။ ရိုဂျာရီးယိုကတော့ ဘယ်သူမှ မမြင်နိုင်ပါဘူးလို့ နှစ်သိမ့်တယ်။

“အဲဒီလမ်းက လူရော ကားရောရှင်းပါတယ် အချစ်ရဲ့။ တံခါးစောင့်ကိုလည်း ကိုယ်စည်းရုံးထားလိုက်မယ်။ ညာဘက်ခန်းက မိသားစုကလည်း ညနေမိုးချုပ်မှ အိမ်ပြန်ရောက်တာ။ ဘယ်ဘက်ခန်းမှာဆို တယောက်မှ မတွေ့ဘူး။ ကိုယ်တော့ လူနေတယ်တောင် မထင်ဘူး။ ဘာအန္တရယ်မှ မရှိနိုင်ပါဘူး။ ယုံပါ အချစ်ရာ။ ရဲရဲတင်းတင်းသာ ရောက်အောင်လာခဲ့စမ်းပါ။”
ဒီလိုနဲ့  သူတို့ ရဲ့ “ချစ်ပွဲ” အတွက် ပိပိရိရိ ကြိုတင်ပြင်ဆင် ကြပါတော့တယ်။ သူ့ယောက်ျားကိုတော့ ကိုပါကာဘနာမြို့မှာ Shopping သွားတယ်လို့ ပြောမယ်ပေါ့။ ဘတ်စ်ကားနဲ့ အသွားအပြန်ခရီးက တွက်ကြည့်ရင် နှစ်နာရီလောက်တော့ ရှိမယ်။

အဲဒီတော့ သူတို့အတွက် နှစ်နာရီလုံးလုံး အချိန်ရတာပေါ့။ ခြောက်နာရီကနေ ရှစ်နာရီအထိ။ လာရင် တယောက်ထဲ လာခဲ့မယ်ပေါ့။ နေကာမျက်မှန် တပ်ထားပြီး ခေါင်းမှာလည်း ပုဝါပတ်ထားမယ်ပေါ့။ သူကလည်း အခန်းထဲမှာ တယောက်ထဲ စောင့်ရင်း မျှော်နေမယ် ဘာညာ ဆိုပါတယ်။ ဒီမှာတင် ဗာနီယာက စိုးရိမ်တကြီးနဲ့ ...

“ဘုရား၊ ဘုရား၊ အန်ထော်နီနဲ့  ကလေးတွေ ထဲက တယောက်ယောက်သာ သိသွားခဲ့ရင် …”
အို … ဘယ်သူမှ သိမှာမဟုတ်ပါဘူးလေ။ ဘယ်သူမှလည်း သူ့ကို မြင်မှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ လှပနုရွတဲ့ ခဏတာ အတွေ့ အတွက်။ သူတို့ နှစ်ယောက်ရဲ့ သာယာမှု၊ ကြည်နူးမှု၊ ပျော်ရွှင်မှုတွေ အတွက်။

ကမ္ဘာကြီး တဘက်ခြမ်း ဟိုး..အဝေးကြီးကို တဒင်္ဂ ပျံသန်းသွားနိုင်ဖို့ အတွက်။ လူတွေနဲ့ အဝေးကြီး၊ ဆူညံမှုတွေရဲ့ အဝေးကြီး၊ အရာအားလုံးရဲ့ ပြင်ပကို နှစ်နာရီလောက်ကလေး တွေ့ဖို့။ အို… ဖြစ်တယ်။ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် ခြောက်နာရီမှာ တွေ့ကြမယ်။

ခြောက်နာရီ ထိုးလောက်မှာ ဗာနီယာက ရိုဂျာရီးယိုရဲ့ အခန်းဝကို တံခါးခေါက်ပါတယ်။ နေကာမျက်မှန်၊ ခေါင်းပေါင်းပုဝါ အပြင် နွေးထည်အထူကြီးကိုလည်း ကိုယ်မှာဝတ်ထားပြီး လည်ပင်းမှာလည်း တဘက်ရှည်တစကို ပတ်လာပါတယ်။ လူတွေသူ့ကို မမြင်အောင် တဘက်ကို မျက်နှာပေါ် ဆွဲပြီး ပါးစပ်ရော နှာခေါင်းကိုပါ အုပ်ထားလိုက်ပါသေးတယ်။

နွေခေါင်ခေါင်ကြီးမှာ အခုလို ဝတ်စားပြင်ဆင် လာတာကလည်း တကြောင်း၊ နောက်ပြီး လူတွေသတိထားမိမှာ စိုးလို့ ရှိုးတို့ရွှန့်တွန့်လည်း ဖြစ်နေလေတော့ သူ့ကို လမ်းသွားလမ်းလာတွေ အကုန်လုံးက လှည့်ကြည့်လှည့်ကြည့် လုပ်သွားကြပါတယ်။

သူ အခန်းထဲရောက်တော့ အတော်လေးကို စိတ်လှုပ်ရှားနေပါတယ်။

“ဘုရား..ဘုရား.. အန်ထော်နီသာ သိလို့ကတော့ …”
ရိုဂျာရီးယိုက သူ့ကို နှစ်သိမ့်ပေးရှာပါတယ်။ ပြီးတော့ အိပ်ခန်းရှိရာကို နှစ်ယောက်သား ဝင်သွားကြတာပေါ့။ အဝတ်အစားတွေ အကုန်ချွတ်လို့ မပြီးခင်မှာပဲ လှေခါးဝက ဆူညံသံတွေကို ကြားလိုက်ရပါတယ်။ စူးစူးဝါးဝါး အော်ဟစ်သံ၊ သုပ်သုပ်ပြာပြာ ခြေလှမ်းတွေ။ ဗာနီယာကတော့ ကြောက်လွန်းလို့ မျက်လုံးပြူး မျက်ဆံပြူးနဲ့ 

“အဲဒါ အန်ထော်နီ၊ အဲဒါ အန်ထော်နီ” လို့ ထပ်တလဲလဲ ပြောနေပါတော့တယ်။

“မဖြစ်နိုင်တာကွာ၊ သတိထားပါဦး၊ ကိုယ်သွားကြည့်ပါဦးမယ်”
အိမ်ခန်းတံခါးကို တအားကို တဒုန်းဒုန်း ထုနေတဲ့ အချိန်မှာ ရိုဂျာရီးယိုက ဧည့်ခန်းထဲကို ရောက်နှင့်နေပါပြီ။ သူ့ ကိုယ်မှာကလည်း အဝတ်ဆိုလို့ အတွင်းခံဘောင်ဘီပဲ ကျန်ပါတယ်။ ဖွင့်လိုက်ရမလား။ မဖွင့်ပဲထားလိုက်ရမလား။ ဒါ သူ့ယောက်ျားတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။

ဒါမှမဟုတ် သူ့ ရပ်ကွက်ထဲက လူတွေ လိုက်လာတာလား။ အိမ်ထောင်ရေးဖောက်ပြန်တာကို သိလို့ ရပ်ကွက်လူကြီးတွေက မဖြစ်သင့်တာ မဖြစ်ရအောင် အချိန်မီတားဖို့ လိုက်လာကြတာများလား။ ဒုက္ခပဲ ငါ့ကို ကြာကူလီလို့ ပြောကုန်ကြတော့မှာပဲ… ။

အဲဒီလိုအတွေးတွေက ခေါင်းထဲကို ဟိုကဒီက စုပြုံရောက်လာတုန်းမှာပဲ တံခါးခေါက်သံတွေကြားက အသံတသံကို သူကြားလိုက်ရပါတယ်။

“ပြည်သူ့ ရဲတွေ ဝိုင်းထားပြီ။ အခုချက်ခြင်းဖွင့်၊ မဖွင့်ရင် ငါတို့တံခါးဖျက်ပြီး ဝင်လာခဲ့မယ်။”
ရိုဂျာရီးယိုကပဲ အိမ်ခန်းတံခါးကို ဖွင့်ပေးလိုက်တယ်။ တံခါးပွင့်သွားတယ်ဆိုရင်ပဲ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ အထူးရဲ တပ်သားတွေဟာ သူ့ကို နံရံဘက်ကို တွန်းလိုက်ပြီး မလှုပ်နိုင်အောင် ချုပ်ထားလိုက်ကြ တော့တယ်။

“တခန်းလုံကိုရှာ။ မီးဖိုထဲမှာလည်း သွားရှာ။ မြန်မြန်.. မြန်မြန်..”
“ဘာဖြစ်ကြတာလဲ။ ဘယ်လိုဖြစ်ကြတာလဲ။ ကျနော့်ကိုလည်း ရှင်းပြကြပါဦး”
အဲဒီတော့မှ ရဲမှူးကြီးက ဘေးဘက်က ဂါတိုရဲ့ အခန်းကို ဝင်စီးတာဖြစ်တဲ့အကြောင်း၊ ဒါပေမယ့် သူက နောက်ဖေးပေါက်ကနေ ထွက်ပြေးလွတ်မြောက် သွားတဲ့အကြောင်း၊ သူဟာ အခု ဒီအခန်းမှာ ရှိနေလိမ့်မယ် ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။

ဂါတို ဆိုတာ ရဲကအပြင်းအထန် အလိုရှိနေတဲ့ လူမိုက် လူရမ်းကာ တယောက်ပါ။ ဒီတစ်ကြိမ်တော့ သူလွတ်လို့မဖြစ်တဲ့ အကြောင်းလဲ ရဲမှူးကြီးက ပြောပါတယ်။

လိုက်ရှာနေတဲ့ ရဲသားတွေက အိပ်ခန်းက အဝတ်ဘီရိုထဲမှာ ဗာနီယာကို တွေ့ ပါတယ်။ သူ့ကိုယ်ပေါ်မှာလည်း အဝတ်အစားတွေက မရှိတော့သလောက်။ သူ့ပုံစံကလည်း တအားကို ကြောက်လန့် တုန်လှုပ်နေပါတယ်။

“တွေ့ပြီ၊ တွေ့ပြီ” ရဲသားတစ်ယောက်က အလန့်တကြား အော်ပြောပါတယ်။ နောက်မှ သူမိထားတာဟာ ဂါတို မဟုတ်မှန်း သိသွားပြီး ဖမ်းမိထားတဲ့ သူ့ကို ပြန်လွှတ်ပေးပါတယ်။

ဗာနီယာက အိပ်ခန်းထဲကနေ ထွက်ပြီး ဧည့်ခန်းကို ဖြတ်ပြေးပါတယ်။ ရင်သားတွေကိုပဲ အုပ်ပြီးသွားရမလား သူ ရဲ့မျက်နှာကိုပဲ ဖုံးပြီးပြေးရမလား ဆိုတာကို သူ့ကိုယ်သူလည်း မဝေခွဲနိုင်တော့ဘူး ဖြစ်နေပါတယ်။ အဲဒီကနေ တခါတည်း မီးဖိုချောင်ထဲကို ထွက်အပြေးမှာ ဗာနီယာဟာ ဂါတိုရဲ့ လက်မောင်းထဲကို တန်းကနဲ ရောက်ရှိသွားပါတော့တယ်။

ရိုဂျာရီးယို နဲ့ ရဲမှူးကြီးတို့ မီးဖိုထဲ ဝင်လာတဲ့အချိန်မှာ ဂါတိုက သူ့ကို အနောက်ကနေ သိုင်းဖက်ပြီး လည်ပင်းကိုလည်း ဓားမြှောင်နဲ့ ထောက်လျှက်သား အနေအထားမှာ ရှိနေပါတယ်။



“ရှေ့မတိုးနဲ့နော်၊ ရှေ့ဆက်မတိုးနဲ့၊ ဒီမှာတွေ့လား၊ သတ်ပစ်လိုက်မယ်”
မီးဖိုခန်းထဲကို ဝင်လာတဲ့ ရဲသားတွေအကုန်လုံးကို ရဲမှူးကြီးက နေရာမှာတင်ရပ်ဖို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့ ဂါတိုဆီ လှမ်းပြီး...

“အိုကေ၊ အိုကေ၊ ဂါတို။ ဒီအမျိုးသမီးကို ချမ်းသာပေးလိုက်ပါ။ မင်းဘာဖြစ်ချင်လဲ ငါ့တို့ကိုပြော။”
ဂါတိုက အားလုံးကို မီးဖိုချောင်ထဲက အထွက်ခိုင်းပြီး ဟထားတဲ့ တံခါးကနေ သူလိုချင်သမျှ ဗာနီယာကို အပြောခိုင်းပါတယ်။ ထွက်ပြေးဖို့ ကားတစ်စီး တောင်းပေးပါတဲ့။ မပြောရင် လည်ပင်းကို ဓားနဲ့ ပိုင်းမယ်ပေါ့။ ဗာနီယာရဲ့ ပါးစပ်က တအစ်အစ်ဖြစ်နေပြီး သူပြောခိုင်းတဲ့ စကားကတော့ ထွက်မလာပါဘူး။ ရိုဂျာရီးယိုက...

“မကြောက်နဲ့  ဗာနီယာ၊ မကြောက်နဲ့၊ ကိုယ်တို့အားလုံးရှိတယ်”
နောက်ဆုံးတော့ ဗာနီယာက သူပြောခိုင်းသမျှ ပြောလို့ ရသွားတယ်။ ရဲမှူးကြီးကလည်း ကားစီစဉ်ထားပြီးပြီ ဖြစ်တဲ့အကြောင်း အချိန်တော့ နည်းနည်း လိုတယ်ဆိုတဲ့အကြောင်း ပြန်ပြောပါတယ်။

အဲဒီအချိန်မှာပဲ အိမ်ခန်းထဲကို သတင်းထောက်တွေ ဓာတ်ပုံဆရာတွေ ဝင်လာကြပါတယ်။ ဂါတိုက ဗာနီယာရဲ့ ခေါင်းကို နောက်တကြိမ် တံခါးကြားကနေ ထိုးအထုပ်မှာ သတင်းဌာန က ဗီဒီယိုကင်မရာတွေ ဆလိုက်မီးသီးတွေနဲ့ အဆင်သင့် ရိုက်ယူလိုက်ကြပါတယ်။

“သူ..သူက နောက်ထပ် ငါးမိနစ်ပဲ စောင့်မယ်တဲ့။ နောက်ထပ် ငါး..ငါးမိနစ်ပဲတဲ့။”
ပြောနေရင်း ဆလိုက်မီးရောင်ထိုးခံလိုက်ရလို့ မျက်စိတွေ ကျိမ်းပြာသွားပါတယ်။ ရုပ်မြင်သံကြား သတင်းထောက်က သူ့ပါးစပ်နားမှာ မိုက်ကရိုဖုံးကို သွားတေ့ထားပါတယ်။ ဒီမှာတင် ဂါတိုက ဗာနီယာကို မီးဖိုထဲ ပြန်ဆွဲသွင်းလိုက် ပါတော့တယ်။

သတင်းထောက်က ရိုဂျာရီးယိုကို အင်တာဗျူးပါတယ်။ အဲဒီအမျိုးသမီးက ဘယ်သူလဲ။
“သူငယ်ချင်းပါ …”“ရည်းစားပေါ့…”
“ဆိုပါတော့။”
ရဲမှူးကြီးက ကားရောက်ပြီဆိုတဲ့အကြောင်း ဂါတိုကို အကြောင်းကြားပါတယ်။ ဂါတိုက ဗာနီယာကို နောက်ကနေ သိုင်းဖက်၊ လည်ပင်းမှာလည်း ဓားနဲ့ ထောက်ထားရင်း မီးဖိုခန်းကနေ ထွက်လာပါတယ်။ တစ်စုံတစ်ဦးက တစုံတခုကြောင့် ရုတ်ရုတ်ရုတ်ရုတ် လုပ်တာနဲ့ လည်ပင်းကို ထိုးထည့်လိုက်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။

“မကြောက်နဲ့  ဗာနီယာ၊ မကြောက်နဲ့၊ ကိုယ်တို့အားလုံးရှိတယ်” ဒီတခါတော့ ပြောရင်းနဲ့ ရိုဂျာရီးယို ကိုယ်တိုင် မျက်ကလူး ဆံပြာဖြစ်လို့ နေပါပြီ။

ဂါတိုက ဗာနီယာကို ဆွဲခေါ်ပြီး လှေခါးအတိုင်း ဆင်းသွားပါပြီ။ ရုပ်မြင်သံကြား သတင်းသမားတွေကလည်း သူတို့နောက်ကနေ ထပ်ကြပ်မကွာ သတင်းရိုက်ယူနေကြပါတယ်။ အိမ်အပေါက်ဝတလျောက်နဲ့ လမ်းတခုလုံးမှာဆိုရင် လာကြည့်ကြတဲ့ လူအုပ်ကြီးနဲ့ ပြည့်ကျပ်လို့ နေပါပြီ။ ရဲသားတွေက အဲဒီလူအုပ်စုကြီးကို နေရာဖယ်ခိုင်းရင်း ဂါတိုအတွက် လမ်းလုပ်ပေးရပါတယ်။

“နောက်ဆုပ်ကြ၊ နောက်ဆုပ်ကြ၊ တော်တော်ကြာ သူက ဓားနဲ့ ထိုးလိမ့်မယ်”
“အဲဒါ ဂါတိုဆိုတဲ့လူပေါ့။ ကြည့်ပါဦး။ သူ့ ကိုဘယ်သူကမှ ဖမ်းလို့မရဘူး။”
ဂါတိုက ဗာနီယာကိုခေါ် ကားပေါ်တက်ပြီး ကားသမားကို အားသွန်နှင်ဖို့ အမိန့် ပေးလိုက်ပါတယ်။

ဂရာဂျောင်းက ဗာနီယာရဲ့ ကလေးတွေက တီဗီမှာတွေ့ရတဲ့ သူတို့ အမေကို ကြည့်ပြီး...
“အဖေရေ၊ ကြည့်ပါဦး။ အမေ၊ အမေ၊ ဟိုမှာ အမေရယ်။ တီဗီထဲမှာ”
မြို့ အစွန်အဖျား တနေရာအရောက်မှာ ဂါတိုက ကားကို အရပ်ခိုင်းလိုက်တယ်။ သူက ကားသမားကို မီးတွေအကုန်ပိတ်ဖို့ ပြောပြီး ဆယ့်ငါးမိနစ် အစောင့်ခိုင်းတယ်။ ပြီးရင်လစ်တော့ပေါ့။ မဟုတ်ရင်တော့ သူက ဗာနီယာကို သတ်ပစ်မယ်လို့  ခြိမ်းချောက်နေတယ်။ ပြီးတော့ ဗာနီယာကို ကားထဲက ခေါ်ထုပ်ပြီး တောအုပ်အမှောင်ထဲကို ဝင်သွားတယ်။

“သူတို့ ငါ့ကို ဘယ်နည်းနဲ့ မှ မိမှာမဟုတ်ဘူး။ ငါဒီကနေ ဆက်သွားတော့မယ်။”
ဂါတိုက သူ့ လက်ကိုလွှတ်ပြီး သွားနိုင်ပြီ၊ အိမ်ပြန်လို့ ရပြီလို့ ပြောတဲ့အခါမှာတော့ ဗာနီယာဟာ သူ့အိမ်မှာရှိနေမယ် သူ့ယောက်ျား အန်ထော်နီနဲ့ ကလေးတွေမျက်နှာကို မြင်ယောင်ပြီး

“ကို ဂါတို ကျမကို ခေါ်သွားပါတော့ရှင်၊ ကျမကို ခေါ်သွားပါတော့” လို့ ပြောလိုက်တယ်။

အဲဒီကတည်းက ဗာနီယာဟာ ဂါတိုနဲ့ ပေါင်းသင်းနေထိုင်လာလိုက်တာ ဒီကနေ့ အထိပဲတဲ့။ သူဟာ သူရဲ့ ဒီယောက်ျားအပေါ်မှာ ဘယ်တော့မှလည်း သစ္စာမဖောက်တော့ဘူး ဆိုပဲ။

အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး


(ဘရာဇီး စာရေးဆရာ Luis Fernando Verissimo ရဲ့ ဝတ္ထုတို Copacabana နဲ့  Grajaú ကို ကိုလူထွေး ဘာသာပြန် ထားခြင်း ဖြစ်ပါတယ်)